သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သေဆုံးသွားမှ အချိန်အကြာကြီးအနားယူရမယ်လို့ ပြောဆိုခဲ့ပြီး သူ့ကိုပွဲတွေမှာ အနားယူဖို့ ပြောဆိုမှုတွေကို တုံ့ပြန်သွားခဲ့ပါတယ်။

အသက်(၃၀)နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၅၂)ပွဲအထိ ပါဝင်ကစားထားပြီး (၁၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ထားတာပါ။

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေဆိုးရွားနေပေမယ့် ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲတိုင်းလိုလိုမမောမပန်းနိုင်ပါဝင်ကစားပြီး ဖိအားတွေကို ခံနိုင်ရည်ရှိရှိနဲ့ တိုက်ပွဲဝင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းအတွက် ပွဲတိုင်းနီးပါး ပွဲချိန်ပြည့်ပါဝင်ကစားတာကြောင့် နည်းပြအပါအဝင် အသင်းရဲ့နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်တဲ့သူတွေက သူ့ကို ပွဲတွေမှာ အနားယူဖို့ ပြောဆိုကြတာတွေရှိခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော်ဟာ ဖိအားတွေကိုခံစားရပေမယ့် ဒါက ဘောလုံးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အချက်ပါ။ ကျွန်တော်ကစားသမားဘဝက အနားယူပြီးရင် ဒါတွေက ပျောက်ဆုံးသွားမှာဖြစ်ပြီး အဲ့ဒါဆိုရင် ပိုစိတ်အေးလက်အေးအနားယူနိုင်ပါတယ်။ နည်းပြနဲ့အသင်းကြံခိုင်ရေးမှူးက ကျွန်တော့်ကို အနားယူဖို့တိုက်တွန်းတဲ့အခါတိုင်း ကျွန်တော်သေဆုံးသွားရင် အနားယူဖို့အချိန်အများကြီးရလိမ့်မယ်လို့ ပြန်ပြောခဲ့တယ်"လို့ မီဒီယာသမားတွေရဲ့မေးမြန်းမှုကိုဆိုခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ဇန်နဝါရီအပြောင်းအရွှေ့ကာလက စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၂၈၅)ပွဲပါဝင်ကစားထားပြီး (၉၈)ဂိုးသွင်းယူကာ ကာရာဘောင်းလိဂ်ဖလားနဲ့ FA ဖလားချန်ပီယံဆုတို့ကို (၁)ကြိမ်စီရယူထား ပါတယ်။