ဒီနေ့မှာတော့ အခရာပရိသတ်တွေအတွက် ဝန်ကြီးများရုံး (The Secretariat) အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဝန်ကြီးများရုံးဟာ အခုဆိုရင်လည်း သွားရောက်လည်ပတ်ကြသူတွေနဲ့ စည်ကားနေပြီဆိုတော့ ဝန်ကြီးများရုံးအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေကို ပြောပြပေးပါရစေဦးနော်။

The Secretariat, Yangon
ဒီနေရာမှာပဲ ဇူလိုင် (၁၉) မျက်ရည်မိုးလို့ ဆိုတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် (၉)ဦးတို့ ရက်ရက်စက်စက် အသတ်ခံထားရတဲ့ မြန်မာတို့ရဲ့ ရင်နင့်ဝမ်းနည်းဖွယ်ရာ အောက်မေ့ဖွယ်နေရာကြီးတစ်ခုဆိုရင်လည်း မမှားပါဘူး။
ဝန်ကြီးများရုံးရဲ့ အဆောက်အဦးဒီဇိုင်းကို ဖန်တီးဆောက်လုပ်ပေးခဲ့သူကတော့ ဘုရင်ခံအိမ်တော်ကို ဒီဇိုင်းဆွဲဆောက်လုပ်ပေးခဲ့သူလည်းဖြစ်တဲ့ Henry Hoyne-fox ပဲဖြစ်ပါတယ်။
ဒီဝန်ကြီးများရုံးအဆောက်အဦးကြီးကို (၁၈၈၉)ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၅)ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ တောင်ဘက်အဆောက်အဦးကို စတင်ဆောက်လုပ်ခဲ့ပြီးမှ (၁၉၀၃)ခုနှစ်ရောက်ခါမှ အရှေ့ဘက်၊ အနောက်ဘက်စတဲ့ ကျန်အဆောက်အဦးများကို ဆက်လက်ဆောက်လုပ်ခဲ့တာပါ။

The Secretariat, Yangon
(၁၉၃၀)ခုနှစ်နဲ့ (၁၉၃၁)ခုနှစ်တို့မှာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကို ခံစားပြီးနောက်ပိုင်းမှာတော့ အဓိကဝင်ပေါက်ရဲ့အလယ်မှာရှိတဲ့ အမိုးခုံးကြီးနဲ့ အလယ်အပြင် ဘေးတာဝါတွေမှာပါ စိုက်ထူထားတဲ့ ပြအိုးတွေကို ဖြုတ်ပစ်ခဲ့ရပါတယ်။
ဝန်ကြီးများရုံးကို လွတ်လပ်ရေးခေတ်မတိုင်ခင်က အတွင်းဝန်ရုံးလို့ ခေါ်ဝေါ်ခဲ့ကြပြီး (၁၉၄၈)ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအခမ်းအနားနဲ့ အလံတင်ပွဲကိုလည်း ဒီဝန်ကြီးများရုံးမှာပဲ ပြုလုပ်ခဲ့ကြတာပါ။

The Secretariat, Yangon
အခုဆိုရင် အနော်ရထာလမ်းနဲ့ မဟာဗန္ဒုလလမ်း၊ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းကြားမှာရှိနေတဲ့ ဝန်ကြီးများရုံးဟာဆိုရင် အများပြည်သူ လေ့လာလည်ပတ်လို့ရအောင် နေ့တိုင်း ဖွင့်လှစ်ပေးထားပြီး ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြန်မာ့အမွေအနှစ်အဆောက်အဦးကြီးနဲ့အတူတူ ဓာတ်ပုံလှလှလေးတွေလည်း သွားရိုက်လို့ရနေပါပြီနော်။
Moethaesay (Akhayar)
Reference: Wiki, Lodggy
Discussion