သိပ္ပံဇာတ်ကားတွေထဲကအတိုင်း ခြင်တွေကို လေဆာနဲ့ပစ်သတ်မယ့်စက်


တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Photon Matrix ကနေ LiDAR နည်းပညာသုံးပြီး ခြင်တွေကို လေဆာနဲ့လိုက်ပစ်တဲ့ "အမဲလိုက်စက်ရုပ်" တစ်ခုကို တီထွင်လိုက်ပါပြီ။

ဒီစက်ဟာ ပတ်ဝန်းကျင်မှာပျံဝဲနေတဲ့ ခြင်တွေကို စက္ကန့်ပိုင်းအတွင်း အလိုအလျောက်ရှာဖွေပြီး တိကျတဲ့လေဆာရောင်ခြည်နဲ့ ပစ်ချနိုင်ပါတယ်။ တစ်စက္ကန့်ကို ခြင်အကောင် ၃၀ အထိ ရှင်းလင်းနိုင်တယ်လို့ ဆိုပါတယ်။

အဓိကအချက်ကတော့ လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လုံးဝအန္တရာယ်မဖြစ်စေဘဲ ခြင်တွေကိုပဲ ရွေးချယ်ပစ်မှတ်ထားတာပါ။ ရေစိုခံပြီး သယ်ဆောင်ရလွယ်ကူတဲ့အတွက် အိမ်ထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

လောလောဆယ်မှာတော့ crowd funding အဆင့်ဖြစ်လို့ ဈေးကွက်ထဲကို တန်းပြီးရောက်လာဖို့တော့ အချိန်ယူရဦးမှာပါ။ ဒီလိုနည်းပညာသာ တကယ်တွင်ကျယ်လာရင် ခြင်ဆေးခွေတွေ၊ ဖြန်းဆေးတွေမလိုတဲ့ခေတ် ရောက်လာနိုင်ပါတယ်။