ဘူလ်ဂေးရီးယားကလပ်အာဒါအသင်းနဲ့ လက်ဗ်စကီးဆိုဖီယာအသင်းတို့ ကစားခဲ့တဲ့ ဘူလ်ဂေးရီးယားပထမတန်းပွဲစဉ်က ကို့ရိုးကားရားနိုင်တဲ့ ကမောက်ကမဖြစ်ရပ်တစ်ခုကြောင့် ငိုရခက် ရီရခက်ဖြစ်ခဲ့ရပါတယ်။
ဒီပွဲမစတင်မီမှာ အိမ်ရှင်အာဒါအသင်းရဲ့စီစဉ်မှုအရ Arena Arda ကွင်းအတွင်း ဝမ်းနည်းကြေကွဲခြင်းအခမ်းအနားကျင်းပခဲ့ပါတယ်။
ဒီဝမ်းနည်းကြေကွဲခြင်းအခမ်းအနားက အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပက်ကိုဂန်ချက်ဗ်အတွက်ဖြစ်ပြီး ကွင်းအတွင်း နှစ်ဖက်ကစားသမားတွေ၊ နည်းပြတွေသာမက ပရိသတ်တွေကိုပါ ကွယ်လွန်သူ ပက်ကိုဂန်ချက်ဗ်အတွက် တစ်မိနစ်ကြာငြိမ်သက်ပေးဖို့ ပွဲမတိုင်မီ ကွင်းအတွင်း ကြေညာကာ အခမ်းအနားကို အသေအချာကျင်းပပေးခဲ့တာပါ။
ကွင်းလယ်စက်ဝိုင်းမှာ နှစ်ဖက်ကစားသမားတွေက ဝိုင်းရံမတ်တပ်ရပ်ပြီး တစ်ကွင်းလုံး ပက်ကိုဂန်ချက်ဗ်အတွက်ကြေကွဲစွာနဲ့ တစ်မိနစ်တိတိ ငြိမ်သက်ပေးခဲ့ကြပါတယ်။
ပွဲစပြီး ပထမပိုင်းပြီးချိန်လောက်မှာ သူတို့ ကွယ်လွန်ပြီဆိုပြီး ဝမ်းနည်းကြေကွဲခြင်းအခမ်းအနားကျင်းပပေးခဲ့တဲ့ ပက်ကိုဂန်ချက်ဗ်က အမှန်တကယ် မကွယ်လွန်သေးဘဲ အရှင်လတ်လတ်ကြီးရှိနေသေးတယ်ဆိုတာကို သိလိုက်ရပါတယ်။
ပက်ကိုဂန်ချက်ဗ် အသက်ရှင်နေဆဲဆိုတာကို သိခဲ့ရတဲ့အတွက် အာဒါအသင်းဟာ ကစားသမားဟောင်းနဲ့ သူ့ရဲ့မိသားစုကို တောင်းပန်ကြောင်း ကြေညာချက်ထုတ်ခဲ့ရပါတယ်။ အာဒါအသင်းရဲ့ကြေညာချက်ထဲမှာ ပက်ကိုဂန်ချက်ဗ်သေဆုံးတယ်ဆိုပြီး မှားယွင်းတဲ့ သတင်းအချက်အလက်တွေရရှိခဲ့တာကြောင့် ဒီလိုပြုလုပ်မိတာဖြစ်ပြီး ကစားသမားဟောင်းပက်ကိုဂန်ချက်ဗ်နဲ့ သူ့ရဲ့မိသားစုကို အလေးအနက်တောင်းပန်ကြောင်း၊ ပက်ကိုဂန်ချက်ဗ်အနေနဲ့ နှစ်ပေါင်းများစွာ ကျန်းမာရေးကောင်းမွန်ပြီး သူတို့ရဲ့အောင်မြင်မှုတွေကို ပျော်ရွှင်စွာခံစားနိုင်စေဖို့ ဆုမွန်ကောင်းတောင်းကြောင်း ဖော်ပြခဲ့ပါတယ်။
အသက်(၇၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပက်ကိုဂန်ချက်ဗ်က သူအိမ်ကိုပြန်ရောက်ချိန် ရုပ်မြင်သံကြားက ဝမ်းနည်းကြေကွဲခြင်းအခမ်းအနားကို ကြည့်မိခဲ့တဲ့ ဇနီးဖြစ်သူ ငိုကြွေးနေတာကို တွေ့ခဲ့တယ်လို့ ရုပ်သံ bTV ကို ဆိုခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ (၁-၁)ဂိုးသရေနဲ့ ပွဲပြီးဆုံးခဲ့ပြီး အာဒါအသင်းဟာ အမှတ်ပေးဇယားအဆင့်(၅)နေရာရပ်တည်နေကာ လက်ဗ်စကီးဆိုဖီယာအသင်းက အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။
အသက်ရှင်နေဆဲ ကစားသမားတစ်ဦးကို မှားယွင်းပြီး ၀မ်းနည်းကြေကွဲခြင်းအခမ်းအနားပြုလုပ်တာ အာဒါအသင်းအတွက် ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလည်း ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
Discussion