သရေတစ်မှတ်ရရုံနဲ့ ချန်ပီယံဖြစ်မယ့် PSG နဲ့ ကျန်ဦးဆောင်သူတွေရဲ့ရမှတ်လိုအပ်ချက်
ပြင်သစ်လိဂ်ကလပ် PSG အသင်းဟာ ဒီတစ်ပတ်ကစားမယ့် ပြင်သစ်လီဂူးပွဲစဉ်(၂၈) PSG - အန်ဂါးစ်ပွဲမှာ အနိမ့်ဆုံးသရေတစ်မှတ်ရရုံနဲ့ ဒီရာသီ ပြင်သစ်လီဂူးချန်ပီယံအသင်းအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။
ဒီပွဲကို မနက်ဖြန် ဧပြီ(၅)ရက်မှာ PSG အသင်းရဲ့ Parc des Princes ကွင်းမှာ ကစားမှာဖြစ်ပြီး ကိုယ့်ကွင်းကိုယ့်ပရိသတ်ရှေ့မှောက်မှာ PSG အသင်းက ဥရောပထိပ်တန်းလိဂ်တွေရဲ့အစောဆုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။
PSG အသင်းဟာ လက်ကျန်ပွဲ(၇)ပွဲသာ ကစားဖို့ကျန်တော့တဲ့အနေအထားမှာ ဒုတိယနေရာက မိုနာကိုအသင်းကို ရမှတ်(၂၁)မှတ်အထိ ဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အန်ဂါးစ်နဲ့ပွဲမှာ ရမှတ်(၁)မှတ်ရရင်၊ ဒါမှမဟုတ် မိုနာကိုအသင်းရမှတ်လျော့ခဲ့ရင် ပြင်သစ်လီဂူးချန်ပီယံဖြစ်ခွင့်ကို ပိုင်ဆိုင်နေပါတယ်။
ဥရောပအမှတ်ပေးပြိုင်ပွဲအသီးသီးမှာ ဦးဆောင်နေတဲ့အသင်းတွေအနက် PSG အသင်းပြီးရင် ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံးအသင်းက လီဗာပူးလ်အသင်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းက ဒုတိယနေရာက အာဆင်နယ်အသင်းကို ရမှတ်(၁၂)မှတ်ဖြတ်ထားတာကြောင့် လက်ကျန်(၈)ပွဲမှာ (၁၃)မှတ်ရယူနိုင်ရင် ချန်ပီယံဖြစ်မှာဖြစ်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယနေရာကလေဗာကူဆင်အသင်းကို (၆)မှတ်ဖြတ်ထားတာကြောင့် လက်ကျန်(၇)ပွဲမှာ (၁၆)မှတ်ရရင် ချန်ပီယံဖြစ်မှာပါ။
စီးရီးအေ၊ လာလီဂါပြိုင်ပွဲတွေမှာတော့ ဦးဆောင်သူတွေနဲ့ ဒုတိယနေရာကအသင်းတွေအကြား ရမှတ်ကွာဟချက်က (၃)မှတ်သာရှိတာကြောင့် ဦးဆောင်သူတွေအနေနဲ့ ချန်ပီယံဖြစ်ဖို့ ရမှတ်လိုအပ်ချက်များပြားနေပါတယ်။
စီးရီးအေပြိုင်ပွဲမှာ အင်တာမီလန်အသင်းက လက်ကျန်(၈)ပွဲမှာ (၂၂)မှတ်၊လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက လက်ကျန်(၉)ပွဲမှာ (၂၅)မှတ်အထိရယူဖို့ လိုအပ်နေပါတယ်။
လက်ရှိအနေအထားအရ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ချန်ပီယံဆုအတွက် အဖြေထွက်ဖို့အနီးစပ်ဆုံးလိဂ်ပြိုင်ပွဲက ပြင်သစ်လီဂူးပြိုင်ပွဲဖြစ်ပြီး ချန်ပီယံအသင်းတွေ ပုံပေါ်နေတဲ့လိဂ်ပြိုင်ပွဲတွေက ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။
ချန်ပီယံဆုအတွက် အကြိတ်အနယ်အရှိဆုံးနဲ့ ချန်ပီယံဖြစ်လာမယ့်အသင်းကို တစ်ထစ်ချတွက်ဆလို့မရတဲ့ လိဂ်ပြိုင်ပွဲတွေအဖြစ် စီးရီးအေနဲ့လာလီဂါပြိုင်ပွဲက ရပ်တည်နေပြီး ရာသီနောက်ဆုံးပိတ်ပွဲစဉ်အထိ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။