The Singapore Tourism Board (STB) သည် ခရီးသွားဝါသနာပြင်းပြသူများထံသို့ အရှေ့တောင်အာရှ၏ အလှတရားကို ဖော်ထုတ်ပြသပေးနိုင်ရန် လူထုအခြေပြုအစီအစဉ် #TravelThrowback ကမ်ပိန်းကို စတင်လိုက်သည်။ ကမ္ဘာတစ်ဝန်းရှိ နေရာ အများအပြားတွင် ခရီးသွားလာရေး ကန့်သတ်ချက်များ ဆက်လက်ရှိနေသော်လည်း ဤကမ်ပိန်းသည် လူမှုကွန်ရက်မှ ပဏာမခြေလှမ်းအဖြစ် အရှေ့တောင်အာရှဒေသများအပေါ်စိတ်ဝင်စားမှုမြင့်တက်စေပြီး ခရီးသွားများကိုလည်း နိုင်ငံတကာခရီးစဉ်များ အပြည့်အဝပြန်လည်စတင်သည်နှင့် အရှေ့တောင်အာရှကို လေ့လာလည်ပတ်ချင်စရာ ဒေသတစ်ခုအဖြစ် ဦးစားပေးရွေးချယ်ကြစေရန် ရည်ရွယ်ပါသည်။
STB ၏ အရှေ့တောင်အာရှဒေသ Executive Director ဖြစ်သူ Mr. John Conceicao မှ
"ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဆိုးရွားစွာထိခိုက်ခဲ့ရတဲ့ အရှေ့တောင်အာရှရဲ့အဓိကစီးပွားရေးကဏ္ဍတွေထဲမှာ ခရီးသွားလုပ်ငန်းလည်း ပါဝင်နေပါတယ်။ နယ်စပ်ကန့်သတ်ချက်တွေ လျော့ချလိုက်တာနဲ့ ခရီးသွားတွေကလည်း အားလပ်ရက်ခရီးရှည်ထွက်ခြင်းထက် အရှေ့တောင်အာရှအတွင်း ခရီးတိုလည်ပတ်ခြင်းကို ပိုရွေးချယ်လာကြ လိမ့်မယ်။ #TravelThrowback ပဏာမခြေလှမ်းစတင်ခြင်းဟာ ကျွန်တော်တို့ဒေသရဲ့ အလှတရားကို ပြသနိုင်ဖို့နဲ့ ခရီးသွားတွေကို အရှေ့တောင်အာရှရဲ့ လူသိနည်းပါးတဲ့ နေရာလေးတွေကို လေ့လာလည်ပတ်လာအောင် လှုံ့ဆော်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။" ဟု ပြောကြားသည်။
“လူမှုကွန်ရက်က ခရီးသွားဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရမ်းလွှမ်းမိုးနိုင်တယ်။ အထူးသဖြင့် လုပ်ငန်းခွင်ဝင်စ လူငယ်တွေအတွက်ပေါ့။ သက်လတ်ပိုင်း ခရီးသွားတွေကြားမှာတော့ Instagram ဟာ သူတို့သွားမယ့် ခရီးစဉ်တွေအတွက် အရမ်းလွှမ်းမိုးနိုင်စွမ်းရှိနေတယ်။ #TravelThrowback ကနေ တစ်ဆင့် အရှေ့တောင်အာရှရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို မြတ်နိုးတန်ဖိုးထားတဲ့ ခရီးသွားတွေနဲ့ အမှတ်တံဆိပ်တွေကို လှုံ့ဆော်စုစည်းပေးပြီး သူတို့ရဲ့ အလှပဆုံးသော အမှတ်တရတွေ၊ မှတ်တမ်းတွေနဲ့ အတွေ့အကြုံတွေကို အရှေ့တောင်အာရှက ပေးစွမ်းနိုင်တဲ့ အရာတွေအဖြစ် မျှဝေပေးကြစေချင်တာဖြစ်ပါတယ်” ဟုလည်း ဆက်လက် ပြောကြားသည်။
လူထုအသိုင်းအဝိုင်းနှင့်အတူ ပူးပေါင်းပါဝင်ပြီး သွားရောက်ခဲ့သည့် ခရီးစဉ်များအား မျှဝေလိုက်ပါ
အရှေ့တောင်အာရှရှိ Instagram ခရီးသွားများအား @Visit_Singapore ၏ Instagram တွင်သာ ရရှိနိုင်မည့် သီးသန့်ဖန်တီးထားသော “TravelThrowback” Instagram Effect ကို အသုံးပြု၍ ၎င်းတို့၏ ဓာတ်ပုံစုစည်းမှုများထဲမှ နှစ်သက်ရာ ခရီးသွားအမှတ်တရပုံများကို ဝေမျှပေးရန် ဖိတ်ခေါ်ထားသည်။ ဤ Instagram Effect အသုံးပြုသူများသည် ၎င်းတို့သွားရောက်လည်ပတ်ခဲ့ကြသည့် အရှေ့တောင်အာရှဒေသများမှ အမှတ်တရများကို ဝေမျှနိုင်ပြီး ၎င်းတို့၏ မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများကိုလည်း အလားတူ ခရီးသွားခဲ့သည့် အမှတ်တရများကို ပြန်လည်ဝေမျှရန် tag ပြုလုပ်ခြင်းဖြင့် ဖိတ်ခေါ်နိုင်ပါသည်။ ပါဝင်ရန် အဆင့်အသေးစိတ်ကို နောက်ဆက်တွဲ (က) တွင်ကြည့်ပါ။
အရှေ့တောင်အာရှကို ခရီးသွားများ စိတ်ဝင်စားလာရေးအတွက် STB သည် အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍ အခြားသောခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်သူများကိုလည်း ဤကမ်ပိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် လက်တွဲကြိုဆိုသွားမည်။
“ယခုအစီအစဉ်ဟာ အရှေ့တောင်အာရှမှာ နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူ၊ လည်ပတ်ပျော်ပါးသူတွေ အားလုံးရဲ့ စုပေါင်းအားထုတ်မှုတစ်ခုပါပဲ။ ဒေသတွင်းခရီးသွားလာရေးတွေပြန်လည်လည်ပတ်လာဖို့အတွက် အထောက် အကူပြုမယ့် အသံတစ်သံပဲဖြစ်ပါတယ်။ #TravelThrowback အစီအစဉ်လေးက အရှေ့တောင်အာရှ အတွင်း ခရီးသွားလာရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အားပေးတဲ့ ပထမဦးဆုံး ခြေလှမ်းတွေကို လှမ်းနေပါတယ်။” ဟု Mr. Conceicao က ဖြည့်စွက်ပြောကြားပါသည်။

Kelly -Akhayar Lifestyle
Discussion