စီးရီးအေကလပ်ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေကြိုတင်ထွက်ရှိခဲ့တဲ့အတိုင်း အသင်းနည်းပြသီယာဂိုမော့တာကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။

ဒီရာသီမှာ သရေပွဲတွေများခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးစီးရီးအေ(၂)ပွဲမှာ အတ္တလန်တာ၊ ဖီအိုရမ်တီးနားအသင်းတို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ဖို့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲ(၃)ပွဲသာရှိပေမယ့် သရေပွဲက (၁၃)ပွဲအထိရှိနေပြီး ရမှတ်များစွာဆုံးရှုံးခဲ့တာကြောင့် အဆင့်(၅)နေရာကို ရောက်နေပြီး ဦးဆောင်သူအင်တာမီလန်အသင်းနဲ့ ရမှတ်(၁၂)မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း Play Offs အဆင့်မှာတင် PSV အသင်းကို မကျော်ဖြတ်နိုင်ဘဲ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ အသင်းအနေနဲ့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက်စိုးရိမ်ရတဲ့အနေအထားကို ရောက်လာတာကြောင့် မော့တာဟာ အသင်းနဲ့ လမ်းခွဲရဖို့ ဖြစ်လာခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ မော့တာရဲ့နေရာမှာ ကစားသမားဟောင်းနဲ့လက်ထောက်နည်းပြဟောင်း အီဂေါတူဒေါကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။

ခရိုအေးရှားလက်ရွေးစင်နောက်ခံလူဟောင်းအီဂေါတူဒေါဟာ ဂျူဗင်တပ်စ်အသင်းမှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ဟာဂျက်စပစ်လစ်၊ PAOK၊ ကာရာဘက်စပေါ်၊ ဂါလာတာစာရေး၊ အူဒီးနီးစ်၊ ဗီရိုနာ၊ မာဆေးလ်၊ လာဇီယိုအစရှိတဲ့အသင်းတ​ွေမှာ နည်းပြခဲ့သူဖြစ်ပါတယ်။

အီဂေါတူဒေါဟာ ၂၀၀၆-၀၇ ရာသီက ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့တဲ့
ပြင်သစ်လူမျိုးနည်းပြဒေးရွှမ့်နောက်ပိုင်း ဂျူဗင်တပ်စ်အသင်းရဲ့ပထမဆုံးနိုင်ငံခြားသားလူမျိုးနည်းပြဖြစ်လာပါတယ်။