သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ လက္ခဏာ (၆) ရပ်

သမီးရည်းစား ဆက်ဆံရေးအကြောင်းတွေကို စာတစ်တန် ပေတစ်တန်နဲ့ အပြောများကြပေမယ့် လူတွေ မေ့နေတတ်ကြတာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အရေးပါမှုပါ။ အမြဲတမ်း တာဝန်တစ်ခုလို အဆက်အသွယ်လုပ်ပြီး သူတို့က ကိုယ့်ရဲ့ ဘဝမှာ ဘယ်လောက် တန်ဖိုးရှိကြောင်း တကူးတကကြီး ပြောဖို့ မလိုတဲ့ သူငယ်ချင်း တစ်ယောက်ပေါ့။ ဒါပေမယ့် သူငယ်ချင်းကောင်း တစ်ယောက် ဟုတ်မဟုတ်ဆိုတာ ဘယ်လိုပေတံနဲ့ တိုင်းတာပြီး ဆုံးဖြတ်နိုင်လဲ? ပုံသေသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ မရှိပေမယ့် လူနှစ်ယောက်ကြားက ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှု၊ ခင်မင်မှုတွေကို ခိုင်မာစေတဲ့ အပြုအမူတွေတော့ ရှိပါတယ်။
1. သူသာတယ် ကိုယ်နာတယ် မရှိဘူး
သူငယ်ချင်းကောင်းတွေဟာ အသွားအပြန်သဘောရှိပေမယ့် ၅၀/၅၀ အမြဲ ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက်လိုအပ်နေချိန်မှာ တစ်ယောက်ရှိပေးပြီး အချိန်အဆ ညီမျှတဲ့ ဆက်ဆံရေးမျိုးပါ။ သာတယ် နာတယ် မှတ်မထားဘဲ တစ်ယောက်လိုတဲ့အချိန်မှာ တစ်ယောက်က လက်ကမ်းပေးတဲ့ ညီတူညီမျှ ဆက်ဆံရေးက သူငယ်ချင်းကောင်းရှိခြင်းရဲ့ လက္ခဏာ တစ်ခုပါပဲ။
အကယ်၍ တစ်ဘက်ကသာ အမြဲပေးနေရပြီး အယူမရှိဘူးဆိုရင်တော့ သူငယ်ချင်းကောင်းမဟုတ်ဘဲ လိုသုံးဆက်ဆံရေးလို့ သတ်မှတ်နိုင်ပါတယ်။
2. ကိုယ့် ပုံစံအမှန်ကို ပြသရဲတယ်
လူတစ်ယောက်ရှေ့မှာ ဟန်ဆောင်စရာမလိုဘဲ ပေါ့ပေါ့ပါးပါး နေနိုင်တာဟာ ဒီလူကို ယုံကြည်တဲ့ လက္ခဏာတစ်ခုပါ။ သူများရဲ့အမြင်ကို ဂရုစိုက်နေစရာမလိုဘဲ အရေးမကြီးတဲ့ အကြောင်းအရာတွေကနေစလို့ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက အတွေးတွေအထိ ပြောပြလို့ရတာဟာ သူငယ်ချင်းကောင်းတစ်ယောက်ရှိခြင်းကို ထင်ဟပ်စေပါတယ်။
ကိုယ့်ရဲ့ ပုံစံမျိုးစုံနဲ့ အတွေးပေါင်းစုံကို မြင်ပြီး ကြားပြီးတာတောင် အခင်အမင်မပျက်သူတစ်ဦးပေါ့ …
3. တစ်ခါတစ်ရံ အဆက်အသွယ်မရှိလည်း အခင်အမင် မပျက်သွားဘူး
တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်မလုပ်ဖြစ်တဲ့အခါ ဟိုဟိုဒီဒီမတွေးဘဲ နားလည်ပေးတာ သူငယ်ချင်းကောင်းတွေပါ။ ဒါဟာ မိမိခံစားချက်နဲ့ အချိန်ကို အလေးထားပြီး နားလည်မှုနဲ့ လေးစားမှုကို ထင်ဟပ်စေတဲ့ အပြုအမူလို့ ပြောလည်း မမှားပါဘူး။
ဒီလိုကိစ္စတွေအတွက် အများကြီး ရှင်းပြနေစရာလည်း မလိုသလို အပြစ်ရှိစိတ်လည်း မခံစားရဘူးဆိုရင် ဒီဆက်ဆံရေးဟာ ကိုယ့်ကို စိတ်လုံခြုံမှုပေးတဲ့ လက္ခဏာပါပဲ။
4. မနာလိုစိတ်နဲ့ ပြိုင်ဆိုင်မှု မရှိဘူး
သူငယ်ချင်းကောင်းဆက်ဆံရေးတွေမှာ အောင်မြင်မှုတွေကို အမြဲအတူ ဝေမျှပြီး ဆင်နွှဲကြတာကို တွေ့ရပါတယ်။ ကိုယ့်အောင်မြင်မှုကြောင့် မနာလိုစိတ်မျိုးမထားဘဲ အတူတူလိုက်ပျော်ပေးတတ်ကြပါတယ်။
ဒီလို သူငယ်ချင်းအစစ်အမှန်တွေဟာ ရှားပါးတာမို့ ကိုယ့်မှာ ဒီလို သူငယ်ချင်းတွေရှိတယ်ဆိုရင် တန်ဖိုးထားဖို့ မမေ့ပါနဲ့နော်။
5. အပိုတွေမပါဘဲ ကိုယ့်ကို တကယ် ဂရုစိုက်တယ်
သူငယ်ချင်းကောင်းတွေဟာ ကိုယ့်စိတ်ကို အပြည့်အဝနားလည်ပြီး အမှန်တကယ် ဂရုစိုက်တတ်ကြပါတယ်။ လတ်တလော စိတ်ညစ်နေမှန်းသိရင် ဖုန်းဆက်ပြီး လှမ်းသတင်းမေးတာ၊ မက်ဆင်ဂျာမှာ ဟာသလေးတွေ ပို့ပြီး ကိုယ့်ကို ဂရုစိုက်ကြောင်း ပြတာမျိုးပါ။
လူမှုရေးအရ သတင်းမေးတာမျိုး မဟုတ်ဘဲ သူတို့စိတ်ထဲမှာ ကိုယ်ရှိနေကြောင်း ပြသတဲ့ အဓိဟ္ပယ်ကြီးမားတဲ့ အပြုအမူသေးသေးတွေပါ။
6. ရန်ဖြစ်လည်း ပြန်အဆင်ပြေနိုင်တယ်
ဘယ်လောက်ပဲ အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးဖြစ်ဖြစ် မတူညီတဲ့ အတွေးတွေ၊ ကတောက်ကဆဖြစ်တာတွေ ကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ ဒီမှာ ကွာခြားသွားမှာက ပြဿနာတစ်ခုခုကြောင့် ဆက်ဆံရေးက ပျက်စီးသွားတာမျိုး မဟုတ်ဘဲ တောင်းပန်သင့်သူက တောင်းပန်၊ ပြောစရာရှိတာ ပြောပြီး ရှေ့ဆက်သွားကြတာ သူငယ်ချင်းကောင်းတွေသာ လုပ်တတ်ကြတဲ့ အပြုအမူပါ။
ကောင်းမွန်ပြီး အဓိဟ္ပယ်ရှိတဲ့ ဆက်ဆံရေးတွေမှာ ပြဿနာတွေက ခြိမ်းခြောက်မှုတစ်ခုထက် တစ်ဦးအပေါ် တစ်ဦး ပိုမိုနားလည်ဖို့ အခွင့်အရေးလို့ ခံစားရတာကို တွေ့ရမှာပါ။
သူငယ်ချင်းကောင်းတွေဟာ ဘဝရဲ့ ပင်ပန်းရတဲ့ အချိန်တွေမှာလည်း အားဖြစ်ရသလို အဆင်ပြေတဲ့ အချိန်တွေမှာလည်း အတူပျော်ရတဲ့ တန်ဖိုးကြီးတဲ့ ဖြစ်တည်မှု တစ်ခုပါ။ သူတို့ဆီက ချစ်ခင်မှုကို ရယူဖို့ အမြဲကြိုးစားနေစရာမလိုဘဲ တစ်ဦးကို တစ်ဦး အမြဲ ရွေးချယ်ကြတာလည်း သူငယ်ချင်းကောင်းတွေပါပဲ။ ရိုးရှင်း၊ လွယ်ကူပြီး ကိုယ့်နားမှာ အမြဲရှိနေတဲ့ ဒီလို သူငယ်ချင်းကောင်းတွေရှိတယ်ဆိုရင် တန်ဖိုးထားပြီး ရှေ့ဆက်သွားနိုင်ကြပါစေ …