စွဲလမ်း ကြေးအိုးကို မင်မင်တို့ အခုမှစစားဖူးတာ။ ဒီဆိုင်က ၁၉၉၈ခုနှစ်ကတည်းက ဖွင့်ထားတာ။ သူ့ဆိုင်က ကြေးအိုးဆိုင်လို့သာပြောပေမယ့် တရုတ်ဟင်းတွေ၊ ရှမ်းအစားအစာတွေ၊ အအေးတွေ တော်တော်စုံစုံလင်လင်ကိုရှိတယ်။ ရွေးချယ်စရာ ဟင်းပွဲတော်တော်များတယ်။
မင်မင်သိသလောက်ကတော့ ပြည်လမ်း (၈)မိုင်လမ်းဆုံမှာတစ်ဆိုင်၊ သမိုင်းလမ်းဆုံမှာတစ်ဆိုင်၊ အင်းစိန်လမ်းမပေါ် စံရိပ်ငြိမ် ဂမုန်းပွင့်မျက်စောင်းထိုးမှာတစ်ဆိုင် သုံးဆိုင်ရှိတယ်။
ကြေးအိုးဆီချက် (ဝက်) 4600 Ks
အသားအရသာကောင်းပါတယ်။ ငါးဖယ်လုံးတွေပါတယ်။ သူ့အရည်အရသာက နည်းနည်းတခြားဆိုင်အရသာနဲ့ကွဲထွက်တယ်။ နှမ်းဆီအနည်းငယ်ထည့်တယ်ထင်တယ် နှမ်းဆီအရသာရတယ်။အချဉ်လည်းကောင်းတယ်။
ပသျှူးထမင်းကြော် (ကြက်) 3200 Ks
စပ်တယ် ရှိန်းတယ်။ငရုတ်ပွပါတယ်။ ကြက်သားက ပုံမှန်စားနေကျ အသားတုံးလေးတွေနဲ့မဟုတ်ဘဲ အကြော်မှုန့်နဲ့ ကပ်ကြော်ထားတယ်။အရမ်း မပျော့မကြွပ်လေးမို့ စားရတာအဆင်ပြေတယ်။ အစပ်အတွက်အဆင်ပြေအောင် သခွားသီးနှစ်ပြားပါတယ်။ အကယ်၍ အစပ်မစားနိုင်တဲ့သူဆို သခွါးသီးလေးကိုက်ပြီး အစပ်ဖြေနိုင်တယ်။ မင်မင့်အတွက်ကတော့ အစပ်က အိုကေဘဲ။ ကြံမဆိုင်အရွက်ကလေးတွေပါတယ် စားလိုက်ရင် နည်းနည်းလေးချဉ်ပြီး ရှိန်းတိန်းတိန်းနဲ့။ ဆလပ်ရွက်ကြိုက်တဲ့သူတွေအတွက်လည်း ဆလပ်ရွက်ကလေးတွေပါတယ်နော်။
ထမင်းပေါင်း (ဝက်) 3200 Ksထမင်းပေါင်းကတော့ ပုံမှန်ထမင်းပေါင်းတွေလိုပဲ အသား၊ ငုံးဥ၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ baby corn ၊ ငရုတ်ပွ၊ ရွှေပဲသီး၊ မုန်ညှင်းဖြူ၊ ခရမ်းချဉ်သီး၊ ပဲပြား၊ ကြွက်နားရွက်၊ မှို စတာတွေပါတယ်။ ထမင်းဆန်လည်း ကောင်းတယ်။ ငရုတ်ကောင်းလည်းပါတော့ မွှေးနေပြီး ပူပူလေးနဲ့ စားလို့ကောင်းပါတယ်။
စွဲလမ်းက ကြေးအိုးလည်း ကောင်းသလို မိသားစုနဲ့ ထမင်းဟင်းသွားစားမယ်ဆိုလည်း ရွေးချယ်စရာဟင်းပွဲတွေအများကြီးရှိတဲ့ဆိုင်တစ်ဆိုင်ပါပဲ။









Discussion