အင်တာနက်ခေတ်အစောပိုင်းမှာ Netscape Navigator နဲ့ Microsoft Internet Explorer တို့ ပြိုင်ဆိုင်ခဲ့ကြပါတယ်။ Explorer အနိုင်ရပြီးနောက် Firefox နဲ့ Google Chrome တို့နဲ့ ဒုတိယမြောက် browser စစ်ပွဲ ဖြစ်ပွားခဲ့ပြီး Chrome က လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း စျေးကွက်ဝေစု 60% ကျော်နဲ့ အနိုင်ရခဲ့ပါတယ်။ အခု AI နည်းပညာက browser စျေးကွက်ကို တုန်လှုပ်စေနေပြီး တတိယမြောက် browser စစ်ပွဲ စတင်နေပါပြီ။

Google Chrome က Gemini AI model နဲ့ တိုးတက်လာသလို၊ Perplexity ရဲ့ Comet AI browser နဲ့ Opera လို browser ဟောင်းတွေကလည်း AI နည်းပညာနဲ့ ပြန်လည်ယှဉ်ပြိုင်နေကြပါတယ်။ UCL Interaction Centre မှ ပါမောက္ခ George Chalhoub က "ဒါဟာ browser ကိုယ်တိုင် အင်တာနက်ရဲ့ gateway ဖြစ်လာကတည်းက အကြီးမားဆုံး ပြောင်းလဲမှုပါ။ နှစ် 30 လုံး browser ဟာ navigation အကြောင်းပဲ ဖြစ်ခဲ့တယ်။ အခု AI နဲ့အတူ model တစ်ခုလုံး ပြောင်းလဲနေပါပြီ" လို့ပြောပါတယ်။

ခေတ်သစ် AI Browser ဖြစ်တဲ့ Perplexity ရဲ့ Comet browser က web page တွေကို ဖတ်နိုင်၊ အကျဉ်းချုပ်နိုင်၊ appointment booking သို့မဟုတ် email ပို့ခြင်းလို multi-step action တွေ လုပ်ဆောင်နိုင်ပါတယ်။ Opera ရဲ့ Neon မှာလည်း "Do" feature နဲ့ အသုံးပြုသူကိုယ်စား လုပ်ဆောင်ပေးနိုင်ပြီး "Cards" feature က workflow တွေနဲ့ prompt တွေ သိမ်းဆည်းနိုင်ပါတယ်။

Tech gients တွေရဲ့ Browser wars တွေ စတင်နေပြီဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါတယ်။ browser တွေဟာ ခေတ်သစ် application တွေရဲ့ operating system တစ်ခုဖြစ်လာနေပါတယ်။ Search ရဲ့ အယူအဆတစ်ခုလုံး ပြောင်းလဲနေတာဖြစ်ပြီး အဖြေရှာနိုင်တဲ့ နေရာကို ညွှန်ပြရုံမဟုတ်တော့ဘဲ အဖြေကို တိုက်ရိုက်ပေးပြီး လုပ်ဆောင်ပေးတာ ဖြစ်လာနေတာပါ။

ဇူလိုင်လမှာ Google ရဲ့ ကမ္ဘာလုံးဆိုင်ရာ search စျေးကွက်ဝေစုဟာ နှစ် 10 အတွင်း ပထမဆုံးအကြိမ် 90% အောက် ကျဆင်းခဲ့ပါတယ်။ ဒါဟာ Perplexity လို AI search engine တွေနဲ့ OpenAI ရဲ့ ChatGPT လို AI chatbot တွေရဲ့ လူကြိုက်များမှုကြောင့် ဖြစ်နိုင်ပါတယ်။

Browser အသစ်တစ်ခု အစအဦးကနေ တည်ဆောက်ရတာ ရှုပ်ထွေးပြီး အရင်းအမြစ်များစွာ လိုအပ်ပါတယ်။ Microsoft တောင် သူ့ကိုယ်ပိုင် engine ကို စွန့်လွှတ်ပြီး Edge ကို Chromium ပေါ်မှာ ပြန်တည်ဆောက်ခဲ့ရပါတယ်။ AI browser တွေက သမားရိုးကျ search engine တွေထက် အသုံးပြုသူ data ပိုများစွာ ရယူနိုင်တာကြောင့် privacy ပြဿနာတွေ ပေါ်ပေါက်လာပါတယ်။

တတိယမြောက် browser စစ်ပွဲမှာ အနိုင်ရသူက AI နည်းပညာကို အကောင်းဆုံး အသုံးချနိုင်ပြီး privacy ပြဿနာတွေကို ကောင်းစွာ ကိုင်တွယ်နိုင်သူ ဖြစ်လာမှာပါ။ အသုံးပြုသူတွေအနေနဲ့လည်း အလေ့အထအသစ်တွေကို လက်ခံဖို့ အချိန်ယူရမှာ ဖြစ်ပေမယ့် AI browser တွေက အချိန်ကုန်သက်သာစေပြီး အလုပ်တွေ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ရင် မျှော်လင့်ထားတာထက် မြန်မြန် လိုက်လျောညီထွေ ဖြစ်လာနိုင်ပါတယ်။