ထောင်ဒဏ်(၄)နှစ်အထိ ကျခံရနိုင်တဲ့ အခွန်ရှောင်မှုကို စပိန်တရားရုံးမှာ စတင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီဟာ အခွန်ရှောင်မှုစွဲချက်ကို စပိန်တရားရုံးတစ်ခုမှာ စတင်ရင်ဆိုင်ဖြေရှင်းနေရပြီး ဒီနေ့(ဧပြီ ၂ ရက်)နံနက်ပိုင်းက တရားရုံံးအတွင်း ဒီအမှုကို တရားခံတစ်ဦးလို ရင်ဆိုင်ကြားနာနေရတဲ့ အန်ဆယ်လော့တီရဲ့ရုပ်ပုံတွေ မီဒီယာတွေမှာ ပျံနှံ့လာခဲ့ပါတယ်။

အသက်(၆၅)နှစ်အရွယ်ရှိ အန်ဆယ်လော့တီအနေနဲ့ ဒီအမှုမှာ အပြစ်ရှိကြောင်းတွေ့ရှိရရင် ထောင်ဒဏ်(၄)နှစ်အထိ ကျခံရဖွယ်ရှိနေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို ပထမအကြိမ် ကိုင်တွယ်ခဲ့စဉ် ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း အခွန်ငွေ ယူရို(၁)သန်း(ပေါင် ၈၃၃၀၀၀)ကို ရှောင်လွှဲနိုင်ဖို့အတွက် အန်ဆယ်လော့တီဟာ အခွန်ရုံးကို အချက်အလက်အမှားတွေ ရည်ရွယ်ချက်ရှိရှိပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

အန်ဆယ်လော့တီက သူ့အနေနဲ့ အမှားအယွင်းတစ်စုံတရာမလုပ်ခဲ့ကြောင်းနဲ့ သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေကို ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။

အန်ဆယ်လော့တီက အမှားအယွင်းမလုပ်ခဲ့ဘူးဆိုပေမယ့် ၂၀၁၄ ခုနှစ်အတွင်းက သူ့အနေနဲ့ ပေးဆောင်ရမယ့် အခွန်ငွေပမာဏထက်လျော့ပြီး ပေးဆောင်မိခဲ့ကြောင်း ဝန်ခံဖူးပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရတာ သူ့အမှားမဟုတ်ဘဲ သူ့ရဲ့စာရင်းကိုင်တွေရဲ့မှားယွင်းမှုသာဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။

ဒါ့အပြင် အန်ဆယ်လော့တီက ၂၀၁၅ ခုနှစ်အတွင်း သူ့အနေနဲ့ စပိန်နိုင်ငံမှာ သတ်မှတ်ထားတဲ့ရက်ပမာဏဖြစ်တဲ့ (၁၈၃)ရက်ပြည့်အောင် မနေထိုင်ခဲ့ကြောင်း၊ ဒါကြောင့် စပိန်အစိုးရကို ဥပဒေသတ်မှတ်ချက်အရ အခွန်ပေးဆောင်ဖို့မလိုကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း အခွန်စည်းမျဉ်းဥပဒေတွေကို သူ့ဘက်က ချိုးဖောက်ခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် အခွန်အရာရှိတွေ ထောက်ပြခဲ့တာက အန်ဆယ်လော့တီဟာ စပိန်နိုင်ငံမှာ ဆက်လက်နေထိုင်ခြင်းမရှိပေမယ့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံက ဝင်ငွေကို ဘိုင်ယန်မြူးနစ်အသင်းကို မကိုင်တွယ်မီ ၂၀၁၆ ခုနှစ်အထိ ရရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အခွန်ငွေပေးဆောင်ဖို့ တာဝန်ရှိတယ်လို့ အခွန်အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။

သူ့အပေါ်စွဲချက်တွေကို အန်ဆယ်လော့တီက"ဒါက ပုံပြင်ဟောင်းတစ်ပုဒ်ပါပဲ။ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ကျွန်တော်ဒီနိုင်ငံထဲမှာ ၂၀၁၅ ခုနှစ်အတွင်း နေထိုင်ခဲ့တယ်လို့ ထင်နေတယ်။ တကယ်တော့ ကျွန်တော့်ကနေထိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီအမှုမှာ ကျွန်တော်ပေးဆောင်စရာရှိတဲ့ဒဏ်ငွေတွေကိုလည်း ကျွန်တော်ပေးဆောင်ခဲ့ပြီးပါပြီ။ အခု ဒီအမှုကို ကျွန်တော့်ရှေ့နေတွေက ဆက်လက်ကိုင်တွယ်သွားမှာပါ။ ကျွန်တော်ကတော့ ကျွန်တော့်မှာ အပြစ်မရှိ​ကြောင်းပဲ ပြောချင်ပါတယ်။ တရားသူကြီး ဘယ်လို ဆုံးဖြတ်မလဲ ကြည့်တာပေါ့" လို့ ပြောခဲ့ပါတယ်။