အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း သောမတ်စ် ပါတေး (Thomas Partey) သည် မုဒိမ်းမှု ၅ မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှု ၁ မှုတို့ဖြင့် စွဲချက်တင်ခံထားရခြင်းကို အပြစ်မရှိကြောင်း လန်ဒန်မြို့ရှိ Southwark Crown တရားရုံးတွင် ဗုဒ္ဓဟူးနေ့က ထွက်ဆိုခဲ့ပါတယ်။
လက်ရှိတွင် စပိန်ကလပ် ဗီလာရီးယဲလ်အတွက် ကစားပေးနေတဲ့ အသက် ၃၂ နှစ်အရွယ် ပါတေးအပေါ် စွဲဆိုထားသည့်အမှုများသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း သူအာဆင်နယ်အသင်းမှာ ကစားနေစဉ် အမျိုးသမီး ၃ ဦးနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သည်ဟု ယူဆရပါတယ်။
ပါတေးသည် စွဲချက်အားလုံးအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပြီး၊ သူ့ရဲ့တရားခွင်ကိုတော့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင်စစ်ဆေးရန် တရားရုံးက ရက်ချိန်းသတ်မှတ်ခဲ့ပါတယ်။ တရားရုံးများတွင် အမှုများစွာကျန်ရှိနေခြင်းကြောင့် ကြားနာရန် အချိန်ကြာမြင့်နေခြင်းဖြစ်ကြောင်း တရားသူကြီးက ရှင်းပြခဲ့ပါတယ်။
ဂါနာလက်ရွေးစင်ကစားသမား ပါတေးကို အာမခံဖြင့် ပြန်လွှတ်ပေးထားပြီး၊ တိုင်ကြားသူအမျိုးသမီးများနှင့် အဆက်အသွယ်မလုပ်ရန်နှင့် နိုင်ငံတကာခရီးစဉ်များမသွားရောက်မီ ရဲတပ်ဖွဲ့ကို အကြောင်းကြားရန် စတဲ့ စည်းကမ်းချက်များ သတ်မှတ်ထားပါတယ်။
Discussion