တာကောစကီးနဲ့သူ့မိသားစုအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို အဲဗာတန်အသင်းရှုတ်ချ
လီဗာပူးလ်အသင်းက အဲဗာတန်အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်ကွင်းလယ်လူ မက်အလစ္စတာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ နောက်ခံလူတာကောစကီးနဲ့ သူ့ရဲ့မိသားစုအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို အဲဗာတန်အသင်းကရှုတ်ချခဲ့ပါတယ်။
တာကောစကီးဟာ ဒီဖျက်ထုတ်မှုကြောင့် အဝါကတ်သာပြသခံခဲ့ရပေမယ့် အင်္ဂလန်ပရော်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က သူဟာအနီကတ်ပြသပြီးထုတ်ပယ်ခံရသင့်တယ်လို့ဆိုထားတာပါ။
အဲဗာတန်အသင်းက "ဆိုရှယ်မီဒီယာပေါ်မှာ တာကောစကီးနဲ့ သူ့ရဲ့မိသားစုအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို သတိပြုမိပါတယ်။ ဒီလိုအပြုအမူမျိုးကိုလုံးဝလက်မခံနိုင်ဘဲ ဒါဟာ ဘောလုံး ဒါမှမဟုတ် လူ့အဖွဲ့အစည်းမှာ နေရာမရှိပါဘူး။ ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ရဲတပ်ဖွဲ့ကို ကူညီပေးဖို့အဆင်သင့်ရှိပါတယ်။ အဲဗာတန်အသင်းဟာ ကစားသမားတွေ၊ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေအပေါ် ခြိမ်းခြောက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်"လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
တာကောစကီးရဲ့ဇနီးဖြစ်သူ ဆမန်သာက ခြိမ်းခြောက်မှုတွေပြုလုပ်တာဟာ ရွံရှာဖွယ်ကောင်းတယ်လို့ သူမရဲ့Instagram ပို့စ်မှာ ရေးသားခဲ့တာပါ။ တာကောစကီးဟာ သူ့ရဲ့ဖျက်ထုတ်မှုအတွက် ပွဲအပြီးမှာ မက်အလစ္စတာထံချဉ်းကပ်ကာ တောင်းပန်မှုပြုလုပ်ခဲ့ပြီး မက်အလစ္စတာကလည်း သူ့ရဲ့တောင်းပန်မှုကို လက်ခံခဲ့ပါတယ်။
ဒီပွဲစဉ်မှာ တာကောစကီးကို အနီကတ်မပြသခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို ရုပ်သံဘောလုံးပွဲဝေဖန်သုံးသပ်သူတွေအများအပြားက ဝေဖန်ခဲ့ကြတာပါ။ အဲဗာတန်အသင်းနည်းပြဒေးဗစ်မွိုက်စ်ကလည်း နောက်ခံလူတာကောစကီး ကွင်းထဲမှာ ဆက်ရှိနေရတာ ကံကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။