စပိန်အသင်းဟာ နယ်သာလန်အသင်းကို UEFA Nations League ကွာတားဖိုင်နယ်(ပထမအကျော့)မှာ (၂-၂)ဂိုးနဲ့ သရေကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်း ရှုံးပွဲလုံး၀မရှိတဲ့မှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။

နယ်သာလန်နဲ့ပွဲမှာ သရေကျခဲ့တယ်ဆိုပေမယ့် စပိန်အသင်းအတွက် ရှုံးပွဲကို ကံကောင်းထောက်မစွာရှောင်လွှဲနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန်(၉၀+၃)မိနစ်မှ ကွင်းလယ်လူမယ်ရီနိုက အဖိုးတန်ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။

စပိန်အသင်းဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ မတ်လ(၂၂)ရက်နေ့က ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ပွဲမှာ (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အခုအချိန်အထိ နိုင်ငံတကာပွဲတိုင်းမှာ အရှုံးမရှိကစားထားတာပါ။

ကိုလံဘီယာအသင်းကို ရှုံးပြီးနောက်ပိုင်း စပိန်အသင်းအနေနဲ့ နိုင်ငံတကာပွဲစုစုပေါင်း(၁၇)ပွဲကစားခဲ့ရာမှာ (၁၄)ပွဲအနိုင်ရခဲ့ပြီး (၃)ပွဲသာသရေကျခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းဟာ ပွဲတိုင်းကို အနိုင်ကစားခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရယူကာ ချန်ပီယံဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအနေနဲ့ ခရိုအေးရှား၊ အီတလီအစရှိတဲ့အသင်းတွေနဲ့ အုပ်စုကျပ်ထဲကျရောက်ခဲ့သလို ကွာတားဖိုင်နယ်မှာ ဂျာမနီ၊ ဆီမီးဖိုင်နယ်မှာ ပြင်သစ်၊ ဗိုလ်လုပွဲမှာ အင်္ဂလန်အစရှိတဲ့အသင်းတွေနဲ့ ဆုံတွေ့ခဲ့ပေမယ့် ဒီအသင်းတွေအားလုံးကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းဟာ လာမယ့် မတ်(၂၃)ရက်နေ့မှာ UEFA Nations League ကွာတားဖိုင်နယ်(ဒုတိယအကျော့)အဖြစ် နယ်သာလန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သူတို့ရဲ့အရှုံးမရှိမှတ်တမ်းကတော့ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။