ဘာစီလိုနာအသင်းဟာ စပွန်ဆာစာချုပ်ထားတဲ့ Spotify ကုမ္ပဏီနဲ့စာချုပ်ပါ သဘောတူညီချက်တွေအရ နာမည်ကျော်အမေရိကန်အဆိုတော် တေလာဆွစ်ဖ်ရဲ့အမှတ်တံဆိပ်ရေးထိုးထားတဲ့အင်္ကျီကို လာမယ်​့​ El Clasico ပွဲစဉ် ဘာစီလိုနာ-ရီးရဲလ်မက်ဒရစ်ပွဲမှာ ဝတ်ဆင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာအသင်းနဲ့ Streaming ကုမ္ပဏီ Spotify တို့ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ စပွန်ဆာစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ဒီစာချုပ်ပါ သဘောတူညီချက်တွေအရ အသစ်ပြန်လည်တည်ဆောက်နေတဲ့နူးကမ့်ကွင်းကို Spotify Camp Nou ကွင်းလို့ နာမည်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းအင်္ကျီပေါ်မှာ ၂၀၂၂-၂၃ ရာသီကစပြီး Spotify ရဲ့လိုဂိုကိုလည်း တပ်ဆင်ခဲ့ပါတယ်။ Spotify နဲ့ စာချုပ်ပါသဘောတူညီချက်အရ Spotify လိုဂိုသာမကဘဲ နာမည်ကျော် ဂီတအဖွဲ့တွေ၊ ဂီတသမားတွေရဲ့အမှတ်တံဆိပ်လိုဂိုပါ အင်္ကျီတွေကိုလည်း ပွဲတချို့မှာ ၀တ်ဆင်ခဲ့ပါတယ်။

ကနေဒါရက်ပ်ပါသမား Drake ၊ နာမည်ကျော်ဂီတအဖွဲ့တွေဖြစ်တဲ့ The Rolling Stones ၊ Coldplay အစရှိတဲ့ဂီတသမား/ဂီတအဖွဲ့တွေရဲ့လိုဂိုတွေကို ဘာစီလိုနာအသင်းရဲ့အင်္ကျီပေါ်မှာ တွေ့ခဲ့ရသလို တေလာဆွစ်ဖ်ရဲ့အမှတ်တံဆိပ်ကိုလည်း လာမယ်​့မေလ(၁၁)ရက်နေ့မှာ ကစားမယ့် El Clasico ပွဲစဉ် ဘာစီလိုနာ-ရီးရဲလ်မက်ဒရစ်ပွဲမှာ တွေ့မြင်ရမှာပါ။

တေလာဆွစ်ဖ်ဟာ သူမရဲ့အမှတ်တံဆိပ်အဖြစ် သူမလက်မှတ်ပုံကိုသာ အသုံးများတာကြောင့် Taylor Swift လို့ အင်္ဂလိပ်လို လက်ရေးဆက်ရေးသားထားတဲ့ လက်မှတ်ပုံကို တွေ့မြင်ရဖို့ များပါတယ်။ အရင် Drake ရဲ့အမှတ်တံဆိပ်တုန်းက ဇီးကွက်ပုံ၊ The Rolling Stones ရဲ့အမှတ်တံဆိပ်တုန်းက လျှာထုတ်နေတဲ့နှုတ်ခမ်းပုံ၊ Coldplay ရဲ့အမှတ်တံဆိပ်တုန်းက လခြမ်းကွေးနဲ့ လပြည့်ဝန်းပုံတွေကို တွေ့ခဲ့ရပါတယ်။

နောက်ပိုင်းမှာ Ed Sheeran ၊ Travis Scott အစရှိတဲ့ နာမည်ကျော်အဆိုတော်တွေရဲ့ အမှတ်တံဆိပ်လိုဂိုတွေကိုလည်း ဘာစီလိုနာအသင်းရဲ့ အင်္ကျီပေါ်မှာ တွေ့မြင်ရမှာဖြစ်ကြောင်း သိရပါတယ်။