လက်စတာအသင်းက တစ်ချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ခံလူတွေ ကြောက်ရွံ့ခဲ့ရတဲ့တိုက်စစ်မှူးဟောင်းနစ္စတယ်ရွိုင်းရဲ့ကိုင်တွယ်မှုလက်အောက်မှာ ရှိနေပေမယ့် ဆိုးရွားလှတဲ့ဂိုးမိုးခေါင်မှုတွေနဲ့အတူ တိုက်စစ်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အဆိုးရွားဆုံးစံချိန်တစ်ခုတင်ခဲ့ပါတယ်။

အဲဒါကတော့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ (၇)ပွဲဆက်တိုက် တစ်ပွဲမှ ဂိုးမသွင်းနိုင်တာပါပဲ။

ဒီလို မိမိအိမ်ကွင်းပွဲစဉ်တွေမှာ (၇)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးတယ်ဆိုတာ အရင်က အဆိုးရွားဆုံးမှတ်တမ်းတွေနဲ့ တန်းဆင်းခဲ့တဲ့ ဒါဘီအသင်းတောင် မကြုံတွေ့ခဲ့ဖူးသလို၊ အခြားဘယ်ပရီးမီးယားလိဂ်အသင်းမှာ မရရှိခဲ့ဖူးတဲ့ ဆိုးရွားတဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ လက်စတာအသင်းဟာ သူတို့နည်းပြဖြစ်သူနစ္စတယ်ရွိုင်းရဲ့အသင်းဟောင်း မန်ယူနိုက်တက်အသင်းကို ဂိုးမသွင်းနိုင်ခဲ့ဘဲ (၀-၃)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ဒီစံချိန်မှတ်တမ်းဆိုးကို ရရှိခဲ့တာပါ။

လက်စတာအသင်းဟာလက်ရှိမှာ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သလို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲဆက်တိုက်မှာလည်း တစ်ဂိုးမှမရဘဲ ပွဲတိုင်းရှုံးခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းကစားခဲ့တဲ့ ၀ုလ်ဗ်စ်အသင်းနဲ့ပွဲမှာ (၀-၃)ဂိုးနဲ့ စတင်ရှုံးခဲ့ပြီး အဲဒီနောက် မန်စီးတီးကို (၀-၂)ဂိုး၊ ခရစ္စတယ်ပဲလေ့စ် ကို (၀-၂)ဂိုး၊ ဖူလ်ဟမ်ကို (၀-၂)ဂိုး၊ အာဆင်နယ်ကို(၀-၂)ဂိုး၊ ဘရန့်ဖို့ဒ်ကို (၀-၄)ဂိုး၊ အခ​ု မန်ယူနိုက်တက်ကို (၀-၃)ဂိုးရလဒ်တွေနဲ့ အိမ်ကွင်းပွဲတွေမှာ ဆက်တိုက်ရှုံးနိမ့်ခဲ့တာပါ။

နည်းပြနစ္စတယ်ရွိုင်းလက်ထက် နောက်ဆုံးပရီးမီးယားလိဂ်(၁၄)ပွဲမှာ (၁၁)ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့ပြီး (၄)ဂိုးသာသွင်းယူနိုင်တဲ့ လက်စတာအသင်းရဲ့လက်ရှိ တိုက်စစ်စွမ်းဆောင်ရည်က နာမည်ကျော်တိုက်စစ်မှူးဟောင်းတစ်ယောက် ကိုင်တွယ်နေတဲ့အသင်းဆိုတာနဲ့ ကိုက်ညီမှုမရှိတာတော့အမှန်ပါပဲ။

ဝါရင့်တိုက်စစ်မှူးဂျေမီဗာဒီ၊ ဂျော်ဒန်အာယူးအစရှိတဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ နစ္စတယ်ရွိုင်းအနေနဲ့ တိုက်စစ်စွမ်းဆောင်ရည်ကျဆင်းမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။