ယူရိုပါလိဂ် Round of 16 (ဒုတိယအကျော့)ပွဲစဉ်တွေမှာ ဒီပြိုင်ပွဲရဲ့ရှုံးပွဲမရှိ တစ်သင်းတည်းသောအသင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းက တိုက်စစ်စွမ်းဆောင်ရည်ပြပြီး ဆိုစီဒက်ကို (၄-၁)ဂိုးနဲ့ အနိုင်ကစားခဲ့သလို၊ ချန်ပီယံရေပန်းအစားဆုံး(၃)သင်းထဲမှာပါတဲ့ စပါးကလည်း နယ်သာလန်ကလပ် AZ အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ပထမအကျော့အရှုံးကို ချေဖျက်ကာ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။

ပထမအကျော့ စပိန်မြေမှာ ဆိုစီဒက်နဲ့ မန်ယူနိုက်တက် ခြေစွမ်းချင်းသိသိသာသာ မကွာခြားခဲ့ပေမယ့် ဒီပွဲမှာတော့ မန်ယူနိုက်တက်အသင်းက တရစပ်တိုက်စစ်ဆင်ခဲ့ပြီး ဆိုစီဒက်အသင်းအတွက် အခွင့်အရေးမရနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းပွဲကစားချိန်(၁၀)မိနစ်မှာ ဆိုစီဒက် ပယ်နယ်တီတစ်ဂိုး ဦးဆောင်ဂိုးရခဲ့တာကလွဲလို့ ကျန်ပွဲချိန်တွေ မန်ယူနိုက်တက်အသင်းကပဲ ပွဲကို လွှမ်းမိုးကစားခဲ့ပါတယ်။

ဒါကြောင့် မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကနေ ပယ်နယ်တီတွေပြန်ရခဲ့ပြီး ပွဲချိန်(၁၆)မိနစ်နဲ့ ပွဲချိန်(၅၀)မိနစ်တွေမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သွင်းယူခဲ့ပါတယ်။

ပွဲချိန်(၆၃)မိနစ်မှာ ဒေါ်ဂူကို တားဆီးဖို့ ကြိုးစားရင်း ဆိုစီဒက်နောက်ခံလူအရမ်ဘူရူ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံရတာကြောင့်လည်း မန်ယူနိုက်တက်အသင်းတစ်ယောက်အသာနဲ့ ကစားခဲ့ရပါတယ်။ ပွဲချိန်(၈၇)မိနစ်မှာ ဂါနာချိုဖန်တီးပေးတာကနေ ဘရူနိုဖာနန်ဒက်စ်က သွင်းယူပြီး ဟက်ထရစ်ရယူခဲ့သလို ပွဲချိန်(၉၀+၁)မိနစ်မှာ ဒါလော့က ပွဲသိမ်းဂိုးကို သွင်းယူခဲ့တာကြောင့် မန်ယူနိုက်တက်အသင်း(၄-၁)ဂိုးနဲ့နိုင်ပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

စပါးအသင်းကလည်း AZ အသင်းကို အော်ဒိုဘတ်(၂ ဂိုး)၊ မက်ဒီဆန်တို့ရဲ့ဂိုးတွေနဲ့အတူ (၃-၁)ဂိုးရလဒ်နဲ့နိုင်ပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ပထမအကျော့က (၀-၁)ဂိုးအရှုံးကို ပြန်ချေပနိုင်ခဲ့ပြီး ပြင်သစ်လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားအော်ဒိုဘတ်က အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

လာဇီယိုက ပါလ်ဇန်ကို (၁-၁)ဂိုးနဲ့ သရေကစားပြီး နှစ်ကျော့ပေါင်း(၃-၂)ဂိုးနဲ့ ကွာတားဖိုင်နယ်တက်ခဲ့သလို၊ ပထမအကျော့မှာ(၁-၂)ဂိုးနဲ့ ရှုံးထားတဲ့ ဘီလ်ဘာအိုကလည်း ရိုးမားကို (၃-၁)ဂိုးနဲ့ အနိုင်ပြန်ယူပြီး နှစ်ကျော့ပေါင်း (၃-၂)ဂိုးနဲ့ နောက်တစ်ဆင့်လက်မှတ်ယူခဲ့ပါတယ်။

ကွာတားဖိုင်နယ်ကို ဒီအသင်းတွေနဲ့အတူ ဖရန့်ဖတ်၊ ရိန်းဂျားစ်၊ လိုင်ယွန်၊ Bodo/Glimt တို့ တက်ရောက်ခဲ့ပြီး ကွာတားဖိုင်နယ်အတွဲအဖက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ်

Bodo/Glimt - လာဇီယို
စပါး - ဖရန့်ဖတ်
ရိန်းဂျားစ် - ဘီလ်ဘာအို
လိုင်ယွန် - မန်ယူနိုက်တက်
(ပထမအကျော့ ဧပြီ ၁၀၊ ဒုတိယအကျော့ ဧပြီ ၁၇)

ယူရိုပါလိဂ် ဗိုလ်စွဲရန်ရေပန်းစားမှု

ဘီလ်ဘာအို - ၇း၂
မန်ယူနိုက်တက် - ၄း၁
စပါး - ၄း၁
လာဇီယို - ၉း၂
ဖရန့်ဖတ် - ၇း၁