စပိန်လက်ရွေးစင်အသင်းရဲ့ဘာစီလိုနာလူငယ်ကစားသမား လာမင်းယာမားလ်ဟာ ကလပ်အသင်းမှာရော နိုင်ငံ့လက်ရွေးစင်အသင်းမှာပါ အသက်အငယ်ဆုံးစံချိန်တွေကို ပြိုင်ပွဲများစွာမှာ မှတ်တမ်းရေးထိုးထားနိုင်သူပါ။
အသက်(၁၇)နှစ်မပြည့်မီ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ယူရိုချန်ပီယံဆုကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုင်မြှောက်နိုင်ခဲ့တဲ့ ယာမားလ်ဟာ လက်ရှိယှဉ်ပြိုင်နေတဲ့ UEFA Nations League ပြိုင်ပွဲမှာ အသက်အငယ်ဆုံးစံချိန်တစ်ခုထပ်တင်ခဲ့ပါတယ်။

အဲဒါကတော့ ဒီပြိုင်ပွဲရဲ့အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်ခဲ့တာပါ။ မနေ့က ကစားခဲ့တဲ့ UEFA Nations League ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် စပိန်(၃-၃)နယ်သာလန်ပွဲမှာ ယာမားလ်ဟာ စပိန်အသင်းအတွက် တတိယဂိုးကို ပွဲချိန်(အချိန်ပို)(၁၀၃)မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒီပွဲကစားတဲ့နေ့မှာ အသက်(၁၇)နှစ်(၂၅၃)ရက်သာရှိသေးတဲ့ ယာမားလ်ဟာ UEFA Nations League ပြိုင်ပွဲရဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ အရင်က ဒီစံချိန်တင်ထားသူက ယာမားလ်ရဲ့ဘာစီလိုနာနဲ့စပိန်အသင်းဖော် ဂါဗီဖြစ်ပြီး (၁၇)နှစ်(၃၀၄)ရက်နဲ့ စံချိန်တင်ထားတာကို ယာမားလ်က (၅၁)ရက်အသာနဲ့ စံချိန်သစ်တင်ခဲ့တာပါ။

ယာမားလ်အနေနဲ့ လာလီဂါပြိုင်ပွဲမှာ အသက်အငယ်ဆုံးပွဲထွက်ကစားသမား/အသက်အငယ်ဆုံး ဂိုးဖန်တီးသူ/အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးပွဲထွက်ကစားသူ/ဘာစီလိုနာအသင်းရဲ့အသက်အငယ်ဆုံးကစားသမား/ အသက်အငယ်ဆုံးဂိုးဖန်တီးသူ၊ စပိန်စူပါဖလားပြိုင်ပွဲရဲ့အသက်အငယ်ဆုံးကစားသမား/ဂိုးသွင်းသူ၊ စပိန်ဘုရင့်ဖလားမှာ ဒီရာစုနှစ်အတွင်း အသက်အငယ်ဆုံးကစားသမား၊ El Clasico ပွဲစဉ်တွေမှာ အသက်အငယ်ဆုံးကစားသမား/ဂိုးသွင်းသူ၊ ယူရိုပြိုင်ပွဲရှုံးထွက်အဆင့်တွေမှာ အသက်အငယ်ဆုံးကစားသမား၊ ယူရိုပြိုင်ပွဲမှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ယူရိုဗိုလ်လုပွဲကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအစရှိတဲ့ အသက်အငယ်ဆုံးစံချိန်ပေါင်းစုံကို တင်ထားခဲ့ပြီး အခုတော့ UEFA Nations League ပြိုင်ပွဲရဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။
Discussion