ဥရောပကလပ်ပြိုင်ပွဲ(၃)ရပ်လုံးမှာ ချန်ပီယံဆုဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်းဖြစ်ဖို့ တစ်ပွဲသာလိုတော့တဲ့ ချယ်လ်ဆီးအသင်း

ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)မှာ ဆွီဒင်ကလပ် ဂျာဂါးဒန်းအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ ဥရောပမှာ မှတ်တမ်းသစ်တစ်ခုရေးထိုးဖို့ နိုင်ပွဲတစ်ပွဲသာလိုအပ်တော့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၂၀၁၂ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့ပြီး ယူရိုပါလိဂ်ဖလားကို ၂၀၁၃ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့တာကြောင့် ဒီရာသီမှာ ကွန်းဖရန့်လိဂ်ဖလားသာ ဆွတ်ခူးခဲ့ရင် ဥရောပကလပ်အသင်းပြိုင်ပွဲ(၃)ရပ်လုံးမှာ ချန်ပီယံဆုဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)မှာ ဂျာဂါးဒန်းအသင်းကို ကွင်းလယ်လူ ဒူးစ်ဘူရီဟောလ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပထမအကျော့တုန်းက အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း(၅-၁)ဂိုးနဲ့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။

အခြားဆီမီးဖိုင်နယ်(ဒုတိယအကျော့)မှာ ဖီအိုရမ်တီးနားက ဘက်တစ်အသင်းကို ပုံမှန်ပွဲချိန်အတွင်း(၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း(၃-၃)ဂိုးဖြစ်သွားခဲ့ပြီး အချိန်ပို ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ပထမအကျော့အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့အနိုင်ရထားတဲ့ ဘက်တစ်အသင်းက တစ်ဂိုးသွင်းနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းဂိုးရလဒ်မှာ တစ်ဂိုးအသာ၊ (၄-၃)ဂိုးဖြစ်သွားခဲ့ပြီး ဗိုလ်လုပွဲကို တက်ခွင့်ရသွားခဲ့ပါတယ်။

ဒုတိယအကျော့မှာ ဘက်တစ်အသင်းအတွက် ဦးဆောင်ဂိုးကို ခြေစွမ်းပြနေတဲ့ အန်တိုနီ(၃၀ မိနစ်)က သွင်းယူပေးခဲ့ပြီး ဖီအိုရမ်တီးနားအတွက် နောက်ခံလူဂိုဆန်က (၂)ဂိုး(၃၄ မိနစ်၊ ၄၂ မိနစ်)သွင်းပြီး ပြန်ဦးဆောင်ခဲ့ပါတယ်။ အချိန်ပို(၉၇)မိနစ်မှာ ဘက်တစ်တိုက်စစ်မှူးအက်ဇယ်ဇူလီက အဖိုးတန်ချေပဂိုးသွင်းခဲ့လို့ ဘက်တစ်အသင်း ဗိုလ်လုပွဲတက်ခွင့်ရခဲ့တာပါ။

ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကိုတော့ မေ(၂၈)ရက်မှာ ပိုလန်နိုင်ငံ၊ Wrocław မြို့က Wrocław Stadium မှာ ကျင်းပသွားမှာပါ။