ဥရောပပွဲမှာ ပါဝင်ကစားပြီးနောက် စာပြန်ကျက်နေရတဲ့ ရက်ဂီးဝက်လ်ရှ်
ပြီးခဲ့တဲ့ ကြာသပတေးညက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့ပွဲစဉ်) ဂျာဂါးဒန်း(၁-၄)ချယ်လ်ဆီးပွဲမှာ ပါဝင်ကစားခဲ့တဲ့ ချယ်လ်ဆီးလူငယ် ရက်ဂီးဝက်လ်ရှ်ဟာ အသင်းနဲ့အတူ အင်္ဂလန်ကို ပြန်ရောက်ပြီးနောက် ချက်ချင်းဆိုသလို စာပြန်လုပ်နေရပါတယ်။
အင်္ဂလန်ကို ခရီးရောက်မဆိုက်ဘဲ ရက်ဂီးဝက်လ်ရှ်ဟာ GCSEs (General Certificate of Secondary Education)စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေရတာဖြစ်ပါတယ်။ ဗြိတိန်ပညာရေးစနစ်အရ (၁၀)တန်း/(၁၁)တန်းအဆင့်လို့သတ်မှတ်လို့ရတဲ့ GCSEs Level စာမေးပွဲမှာ ရမှတ်ကောင်းရစေဖို့ ရက်ဂီးဝက်လ်ရှ်ဟာ ကြိုးစားနေတာဖြစ်ပြီး ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာ ကိုယ်တိုင်က ဒီစာမေးပွဲဟာ လက်ရှိအချိန်မှာ ဝက်လ်ရှ်အတွက် အရေးကြီးဆုံးအရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် မာရက်စ်ကာဟာ ရက်ဂီးဝက်လ်ရှ်ကို ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲကစားရာ ဆွီဒင်နိုင်ငံကို ခေါ်ဆောင်သွားခဲ့ပြီး ထူးခြားမှတ်တမ်းတွေရရှိစေမယ့် ပွဲကစားခွင့်လည်း ပေးခဲ့တာပါ။
ဂျာဂါးဒန်း(၁-၄)ချယ်လ်ဆီးပွဲရဲ့ပွဲချိန်(၈၈)မိနစ်မှာ အသက်(၁၆)နှစ်အရွယ် ရက်ဂီးဝက်လ်ရှ်ကို မာရက်စကာက လူစားဝင်ကစားစေခဲ့ပြီး ဒါက ချယ်လ်ဆီးအသင်းသမိုင်းမှာ စံချိန်မှတ်တမ်းတစ်ခုဖြစ်သွားစေခဲ့ပါတယ်။
ရက်ဂီးဝက်လ်ရှ်ဟာ ချယ်လ်ဆီးအသင်းအတွက် ဥရောပအဆင့်ပွဲစဉ်တစ်ပွဲမှာ ကစားခွင့်ရတဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် အသက်(၁၆)နှစ်(၁၉၀)ရက်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ အရင်က ချယ်လ်ဆီးအသင်းမှာ ဆိုလန်ကီက အသက်(၁၇)နှစ်(၃၇)ရက်နဲ့ စံချိန်တင်ထားတာကို ရက်ဂီးဝက်လ်ရှ်က ကျော်ဖြတ်နိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံမှာဆိုရင်တော့ ၁၉၆၇ ခုနှစ်က ကစားခွင့်ရခဲ့တဲ့ အီယန်ဟာမီလ်တန်နဲ့ ကင်စလေဝစ်ဖန်တို့နောက် တတိယအသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အင်္ဂလန်ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ရက်ဂီးဝက်လ်ရှ်ဟာ ချယ်လ်ဆီးအသင်းမှာ ထွန်းတောက်လာနိုင်တဲ့ အင်္ဂလန်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အသက်ငယ်ပေမယ့် ဘုရားပေးတဲ့လက်ဆောင်ရထားသလို နည်းစနစ်ပိုင်းကြေညက်သူတစ်ဦးအဖြစ် football.london ဝက်ဘ်ဆိုက်က ချီးကျူးထားသူလည်းဖြစ်ပါတယ်။
အနာဂတ်အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာ အားထားရသူတစ်ဦးဖြစ်လာမယ်လို့ သတ်မှတ်ခံထားရတဲ့ ရက်ဂီးဝက်လ်ရှ်အနေနဲ့ ဘောလုံးနဲ့ ပညာရေး နှစ်ခုစလုံးမှာ ထူးချွန်တဲ့သူတစ်ဦးဖြစ်လာမလားဆိုတာတော့ ကြည့်ရမှာပါပဲ။