လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ဥရောပထိပ်တန်းလိဂ်အမှတ်ပေးပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ အသီးသီးယူထားကြတဲ့ ချန်ပီယံအသင်းတွေကို ဒီရာသီမှာ ပေးဂိုးလုံး၀မရှိဘဲ အနိုင်ယူခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီး၊ လာလီဂါချန်ပီယံရီးရဲလ်မက်ဒရစ်၊ ဘွန်ဒစ်လီဂါချန်ပီယံလေဗာကူဆင်၊ ပြင်သစ်လီဂူးချန်ပီယံPSG အသင်းတို့ကို လီဗာပူးလ်အသင်းက ဒီတစ်ရာသီအတွင်းမှာ Clean-Sheet ရလဒ်တွေနဲ့ ထူးထူးခြားခြားအနိုင်ယူခဲ့တာပါ။
ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့ကစားခဲ့ရာမှာ အိမ်ကွင်းအန်ဖီးလ်မှာရော၊ အဝေးကွင်းအစ်တီဟတ်မှာပါ (၂-၀)ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ပါတယ်။ ပထမအကျော့မှာ ဂတ်ပို၊ ဆာလာ(ပယ်နယ်တီ)တို့ရဲ့ဂိုးတွေနဲ့နိုင်ခဲ့ပြီး ဒုတိယအကျော့မှာ ဆာလာ၊ ဆိုဘို့ဆလိုင်းတို့ရဲ့ဂိုးတွေနဲ့ အနိုင်ယူခဲ့တာပါ။
ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်(၄)မှာ ဘွန်ဒစ်လီဂါချန်ပီယံလေဗာကူဆင်အသင်းနဲ့ ဆုံတွေ့ရာမှာ ဒီယက်ဇ်ရဲ့ဟက်ထရစ်၊ ဂတ်ပိုရဲ့ဂိုးတွေနဲ့အတူ (၄-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
အဲဒီနောက်ပွဲစဉ်(၅)မှာ လာလီဂါချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းနဲ့ အိမ်ကွင်းအန်ဖီးလ်မှာ ရင်ဆိုင်ကစားခဲ့ရာမှာ မက်အလစ္စတာ၊ ဂတ်ပိုတို့ရဲ့ဂိုးတွေနဲ့အတူ (၂-၀)ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီတစ်ပတ်ချန်ပီယံလိဂ် Round of 16 အဆင့်(ပထမအကျော့)မှာ ပြင်သစ်လီဂူးချန်ပီယံ PSG အသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ရာမှာလည်း လီဗာပူးလ်အသင်းက ကွင်းလယ်လူအီလီယော့ရဲ့ဂိုးနဲ့အတူ (၁-၀)ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။
ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဥရောပထိပ်တန်းလိဂ်(၄)ခုရဲ့ချန်ပီယံအသင်းတွေကို Clean-Sheet ရလဒ်တွေနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ လီဗာပူးလ်အသင်းအနိုင်ယူစရာ ချန်ပီယံအသင်းဆိုလို့ စီးရီးအေချန်ပီယံအင်တာမီလန်တစ်သင်းသာ ကျန်ပါတော့တယ်။
လီဗာပူးလ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ ဒီရာသီချန်ပီယံလိဂ်ချန်ပီယံလမ်းကြောင်းရဲ့တစ်ဖက်စီမှာ ရောက်ရှိနေကြပြီး နှစ်သင်းစလုံးဗိုလ်လုပွဲကို တက်ရောက်နိုင်မှသာ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီရာသီချန်ပီယံလိဂ်မှာ နိုင်ပွဲအများဆုံးအသင်းအဖြစ်မှတ်တမ်းဝင်နေတဲ့ လီဗာပူးလ်နဲ့ တစ်ဂိုးသာပေးထားရပြီး ခံစစ်အကောင်းဆုံးအသင်းအဖြစ်မှတ်တမ်းဝင်နေတဲ့ အင်တာမီလန်တို့ ဗိုလ်လုပွဲမှာတွေ့မလား ... တွေ့ခဲ့ရင် ဥရောပထိပ်တန်းလိဂ်ချန်ပီယံအသင်းတွေကို ဆက်တိုက်အနိုင်ယူနေတဲ့ လီဗာပူးလ်အသင်း အင်တာမီလန်ကို အနိုင်ယူနိုင်မလားဆိုတာ ချန်ပီယံလိဂ်ချန်ပီယံလမ်းကြောင်းမှာ ပရိသတ်တွေဆက်ပြီးရင်ခုန်ရမှာပါ ...
Discussion