ဘာစီလိုနာအသင်းက ၂၀၂၅ ခုနှစ်အတွင်းဥရောထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသောအသင်းဆိုတဲ့ မှတ်တမ်းကောင်းကို အခုအချိန်အထိ ထိန်းထားထားပါတယ်။

ဒီနှစ်အတွင်းမှာ မတ်လလယ်ပိုင်းကို ရောက်လာတဲ့အထိ ဘာစီလိုနာအသင်းက ရှုံးပွဲမရှိအောင်ကစားပြီး ဥရောပစစ်မျက်နှာမှာရော ပြည်တွင်းစစ်မျက်နှာမှာပါ အထိအရှမရှိ တိုက်ပွဲဝင်နေတာပါ။

ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံပွဲပေါင်း (၁၈)ပွဲကစားခဲ့ရာမှာ (၁၅)ပွဲအနိုင်ရခဲ့ပြီး (၃)ပွဲသရေကျခဲ့ပါတယ်။ ရှုံးပွဲမရှိဘူးဆိုပေမယ့် ဘာစီလိုနာအသင်းရဲ့ ဖြတ်သန်းမှုတွေက စင်းလုံးချောတော့ မဟုတ်ခဲ့ပါဘူး။

ဒီတစ်ပတ်နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲမှာဆိုရင် အက်သလက်တီကိုမက်ဒရစ်အသင်းကို (၂)ဂိုးပြတ်အရှုံးကနေ (၄-၂)ဂိုးရလဒ်နဲ့ (၂)ဂိုးပြတ်ပြန်နိုင်အောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ။

အဝေးကွင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပွဲချိန်မိနစ်(၇၀)ကျော်ချိန်မှာ (၀-၂)ဂိုးနဲ့ ရှုံးနေတဲ့ ဘာစီလိုနာအသင်းဟာ ပွဲချိန်(၇၂)မိနစ်မှာ လီဝန်ဒေါစကီး၊ (၇၈)မိနစ်မှာ ဖယ်ရန်တောရက်စ်တို့က ချေပဂိုးတွေသွင်းပြီး ထပ်ဆောင်းအချိန်ပိုရောက်မှ လာမင်းယာမားလ်နဲ့ ဖယ်ရန်တောရက်စ်တို့က အနိုင်ဂိုးတွေသွင်းကာ (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီရာသီအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဘာစီလိုနာအသင်းအနေနဲ့ ရလဒ်တွေယိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်အတွင်း ကစားခဲ့တဲ့လာလီဂါ(၈)ပွဲမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ (၁)ပွဲသာ သရေကျပြီး (၇)ပွဲဆက်တိုက်အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

လက်ရှိ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရောက်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းပြီး လာလီဂါ၊ ချန်ပီယံလိဂ် စစ်မျက်နှာနှစ်ဖက်စလုံးမှာ အောင်ပွဲရအောင် စွမ်းဆောင်နိုင်မလားဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။