Walt Disney နဲ့ Universal Studio တို့မှ Midjourney AI အား မူပိုင်ခွင့်ချိုးဖောက်မှုဖြင့်တရားစွဲ

Walt Disney (DIS.N) နဲ့ Universal Studio တို့က နာမည်ကြီးကာတွန်းဇာတ်ကောင်များကို ခွင့်ပြုချက်မရှိဘဲ AI ဖြင့် ပြန်လည်ဖန်တီးခဲ့တာကြောင့် Midjourney AI ကို တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။ Midjournal AI က ခွင့်ပြုချက်မရှိဘဲ AI နဲ့ဖန်တီးခဲ့တဲ့အထဲမှာ Star Wars မှ Darth Vader, Frozen မှ Elsa နဲ့ Despicable Me မှာ Minions စတဲ့ နာမည်ကြီးကာတွန်းဇာတ်ကောင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Midjourney ဟာဆိုရင် 2022 မှာမှ စတည်ထောင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပေမဲ့ မနှစ်လောက်ကစပြီး AI image generator ပိုင်းမှာ ChatGPT တို့နဲ့အပြိုင် နာမည်ကြီးလာတာပဲဖြစ်ပါတယ်။ Image Output တိုင်းဟာ သေသပ်လှပပြီး User ဘက်က လိုချင်တာနဲ့ အနီးးစပ်ဆုံးထုတ်ပေးတာကြောင့်လည်း တော်တော်လေး လူသုံးများပါတယ်။

တရားလွှတ်တော်မှာတော့ Disney နှင့် Universal တို့ကနေ Midjourney AI ကို မူပိုင်ခွင့်ချိုးဖောက်မှု ရပ်တန့်ပေးရန် တောင်းဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီတရားစွဲဆိုမှုအပေါ် Midjourney က ငြင်းဆိုခဲ့တဲ့အပြင် ဇာတ်ကောင်အသစ်များကိုပါ ဆက်လက်ဖန်တီးထုတ်လုပ်လျက်ရှိနေပါတယ်။

Disney နှင့် Universal တို့က တရားစွဲဆိုရာမှာ မူပိုင်ခွင့်မပေးဘဲ ကူးယူခဲ့တဲ့ ဥပမာများအဖြစ် Midjourney မှ ဖန်တီးထားသော Yoda, Bart Simpson, Iron Man, Buzz Lightyear, Shrek, Po (Kung Fu Panda), Toothless (How to Train Your Dragon) တို့ကို ဖော်ပြခဲ့ကြပါတယ်။

Disney ရဲ့ အမှုဆောင်ဥက္ကဌ Horacio Gutierrez က “AI နည်းပညာဟာ ဖန်တီးမှုကို တိုးတက်စေတယ်ဆိုသော်လည်း ခိုးယူမှုက ခိုးယူမှုမြောက်ပါတယ်။ AI ကုမ္ပဏီအနေနဲ့ ဖန်တီးမှုမဟုတ်ဘဲ ခွင့်ပြုချက်မရှိ ချိုးဖောက်မှုဖြစ်သွားနိုင်တယ်” လို့ ဆိုပါတယ်။ နောက်ပြီး အခုလို တရားစွဲဆိုမှုက အနုပညာရှင်များရဲ့ ကြိုးပမ်းမှုကို မူပိုင်အနေနဲ့ ကာကွယ်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Motion Picture Association အနေနဲ့လည်း အခုလို တရားစွဲဆိုမှုအပေါ် ထောက်ခံခဲ့တဲ့အပြင် “AI နည်းပညာကို လုပ်ငန်းတိုင်းမှာ အသုံးပြုနိုင်တာမှန်ကန်ပေမဲ့ သက်ဆိုင်ရာမူပိုင်ခွင့်များကိုတော့ လေးစားရမယ်” လို့ ကြေညာခဲ့ပါတယ်။