ဝက်စ်ဟမ်းအသင်းနဲ့ စပါးအသင်းတို့(၁-၁)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ပါကယ်တာဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းခံခဲ့ရပြီးနောက် ငိုကြွေးနေခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူ ပါကယ်တာဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၃)မိနစ်မှာ တန်ပြန်တိုက်စစ်ဆင်လာခဲ့တဲ့ စပါးအသင်းလူငယ် မစ်ကီမိုးကိုရပ်တန့်နိုင်ဖို့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက သူ့ကိုအဝါကတ်ပြသတိပေးခဲ့တာပါ။
ပါကယ်တာဟာ အဝါကတ်ပြသခံရပြီးနောက် သူ့အင်္ကျီနဲ့ သူ့မျက်လုံးကို သုတ်နေတာကို ကင်မရာတွေက မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ မိနစ်အနည်းငယ်အကြာမှာ ဝက်စ်ဟမ်းအသင်းနည်းပြ ဂရေဟမ်ပေါ်တာဟာ ပါကယ်တာကို လူစားလဲမှုပြုလုပ်ခဲ့တာပါ။ ပါကယ်တာဟာ အဝါကတ်ပြသတဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်နေခဲ့ပြီး ဒိုင်လူကြီးက သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး သတိပေးဖို့ ခေါ်ခဲ့ပေမယ့် လာဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းဖော်တွေက စိတ်အေးအေးထားဖို့ ဖျောင်းဖြမှုတွေပြုလုပ်ခဲ့ပြီးနောက် ပါကယ်တာဟာ ကွင်းလယ်ဒိုင်လူကြီးဆီကို သွားရောက်ခဲ့တာပါ။
ပါကယ်တာဟာ လောင်းကစားနဲ့ဆက်စပ်ပြီး ပွဲတွေမှာ ရည်ရွယ်ချက်ရှိရှိ အဝါကတ်ရယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့စုံစမ်းစစ်ဆေးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။ ပါကယ်တာကတော့ သူဟာ အပြစ်လုပ်ထားခြင်းမရှိကြောင့် သက်သေပြသနိုင်ဖို့တိုက်ပွဲဝင်နေပြီး အပြစ်ရှိကြောင်းတွေ့ခဲ့ရင် ဘောလုံးကစားခွင့်တစ်သက်တာပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာပါ။
ဝက်စ်ဟမ်းအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ဒီပွဲမှာ ပါကယ်တာနဲ့ ဆိုချက်ခ်တို့အနည်းငယ်ပင်ပန်းနေပြီး ဒီအဖြစ်အပျက်အတွက် ပါကယ်တာနဲ့ စကားမပြောရသေးပေမယ့် သူ့အမြင်မှာ ပြဿနာမရှိဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်က လိုင်ယွန်အသင်းကနေ ရောက်ရှိလာတဲ့ ပါကယ်တာဟာ ဝက်စ်ဟမ်းအသင်းအတွက် (၁၁၇)ပွဲပါဝင်ကစားထားပြီး (၁၈)ဂိုးသွင်းယူကာ ကွန်းဖရန့်လိဂ်ချန်ပီယံဆု(၁)ကြိမ်ရရှိထားတာဖြစ်ပါတယ်။
Discussion