ထိုင်းဘုရင်မခင်တော်ကြီး Queen Sirikit ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးသွားများအတွက် အသိပေးချက်များ ဖော်ပြပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဝမ်းနည်းပူဆွေးနေရချိန်မှာလည်း ခရီးသွားများကို ကြိုဆိုလျက်ရှိပါတယ်။
2025 ခုနှစ် အောက်တိုဘာ 24 ရက်နေ့မှာ အသက် 93 နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ Queen Sirikit ဟာ 'နိုင်ငံတော်၏မိခင်' အဖြစ် လေးစားခံရပြီး သူမရဲ့ မွေးနေ့ဖြစ်တဲ့ သြဂုတ် 12 ရက်ဟာ ထိုင်းနိုင်ငံမှာ မိခင်များနေ့အဖြစ် အစိုးရရုံးပိတ်ရက် သတ်မှတ်ထားပါတယ်။
ဝမ်းနည်းပူဆွေးကာလ
ထိုင်းအစိုးရက အောက်တိုဘာ 25 ရက်မှစပြီး အစိုးရရုံးများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပညာရေးအဖွဲ့အစည်းများမှာ အလံတိုင်ကို 30 ရက်ကြာ တဝက်ငိုလွှင့်ထူမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများက တစ်နှစ်ကြာ ဝမ်းနည်းပူဆွေးဝတ်စုံ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ထိုင်းပြည်သူများကိုလည်း 90 ရက်ကြာ အနက်ရောင် သို့မဟုတ် မှိန်မှိန်ရောင်များ ဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။
ခရီးသွားများ အနက်ရောင်ဝတ်ရမလား
ခရီးသွားများအနေနဲ့ အနက်ရောင် သို့မဟုတ် မှိန်မှိန်ရောင် ဝတ်ဆင်ဖို့ မလိုအပ်ပါဘူး။ ပုံမှန်ဝတ်လေ့ရှိတဲ့ အဝတ်အစားများကိုပဲ ယူဆောင်လာနိုင်ပါတယ်။ ထိုင်းပြည်သူများအပေါ် လေးစားမှုပြသလိုရင် အနက်ရောင်ဖဲကြိုးလေး တပ်ဆင်နိုင်ပါတယ်။ လေဆိပ်များ၊ အများပြည်သူသယ်ယူပို့ဆောင်ရေး သို့မဟုတ် ခရီးသွားနေရာများမှာ ဘယ်ဘက်လက်မောင်းပေါ် အနက်ရောင်ဖဲကြိုး တပ်ဆင်ခြင်းက လေးစားမှုပြသရာ ရောက်ပါတယ်။
အဖြူရောင်လည်း ထိုင်းနိုင်ငံမှာ ဝမ်းနည်းပူဆွေးရောင်တစ်ခု ဖြစ်တာကြောင့် အဖြူရောင် polo shirt သို့မဟုတ် blouse ဝတ်ဆင်ခြင်းကလည်း လေးစားမှုပြသရာ ရောက်ပါတယ်။ ဘုန်းကြီးကျောင်း၊ နန်းတော်နေရာများ သို့မဟုတ် အစိုးရအဆောက်အအုံများ သွားရောက်ရင် အထူးလေးစားမှု ပြသသင့်ပါတယ်။
ဘာတွေ ဖွင့်နေမလဲ
ခရီးသွားနေရာများ၊ သယ်ယူပို့ဆောင်ရေးများ ပုံမှန်အတိုင်း ဖွင့်လှစ်လည်ပတ်နေပါတယ်။ ဖျော်ဖြေရေးနေရာများ၊ ဘားများ ပုံမှန်အတိုင်း ဖွင့်နေပြီး အရက်ရောင်းချမှု ကန့်သတ်ချက်များ မရှိပါဘူး။ ဘန်ကောက်မှာ Grand Palace နဲ့ Wat Phra Kaeo တို့က အောက်တိုဘာ 26 မှ နိုဝင်ဘာ 8 အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။
ပွဲတော်များနှင့် အခမ်းအနားများ
ပွဲတော်များနှင့် အခမ်းအနားများကို တားမြစ်ထားခြင်း မရှိပါဘူး။ သို့သော် အများပြည်သူဆိုင်ရာ အခမ်းအနားများမှာ သင့်လျော်စွာ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အခမ်းအနားအစမှာ တိတ်ဆိတ်စွာ ဂါရဝပြုခြင်း သို့မဟုတ် တော်ဝင်သီချင်း ဖွင့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
လွယ်ကြသုန်း
နိုဝင်ဘာ 5 ရက်မှာ ကျရောက်မယ့် လွယ်ကြသုန်းပွဲတော်က ပုံမှန်အတိုင်း ကျင်းပမှာ ဖြစ်ပါတယ်။ အစိုးရက စီစဉ်တဲ့ ချီတက်ပွဲများနှင့် မီးရှူးမီးပန်းပွဲများမှာ ပြုပြင်ပြောင်းလဲမှုအချို့ ရှိနိုင်ပါတယ်။ သို့သော် လွယ်ကြသုန်းနဲ့ မြောက်ပိုင်းထိုင်းရဲ့ ရီးပိန်းပွဲတော်တို့က ပုံမှန်အတိုင်း ကျင်းပမှာ ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းများမှာ
ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘုန်းကြီးကျောင်းများမှာ Queen Sirikit ရဲ့ ဓာတ်ပုံ သို့မဟုတ် ပန်းချီကားနဲ့အတူ ပန်းများ၊ ဖယောင်းတိုင်များ ချထားတဲ့ နေရာများ ရှိမှာဖြစ်ပြီး အများပြည်သူ လာရောက်ဂါရဝပြုနိုင်ပါတယ်။ အောက်တိုဘာ 26 ရက်မှစပြီး ဘုန်းကြီးကျောင်းများမှာ 30 ရက်ဆက်တိုက် နေ့စဉ်ဆုတောင်းပွဲများ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဝမ်းနည်းပူဆွေးကာလ ထိုင်းနိုင်ငံသို့ ခရီးသွားမည့်သူများအတွက် လမ်းညွှန်
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion