ဝန်ထမ်းများ DeepSeek အသုံးပြုခြင်းကို တားမြစ်ထားတဲ့ Microsoft

US တင်မက နိုင်ငံအများစုက ပိတ်ပင်ဖို့ ကြိုးစားနေတဲ့ DeepSeek ကတော့ အခုထိကို ဂယက်ထနေတုန်းပါပဲ။ အခုလည်း ဒေတာအချက်အလက်တွေ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတာကြောင့် ဝန်ထမ်းတွေ DeepSeek App သုံးတာကို တားမြစ်ထားကြောင်း Microsoft ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Brad Smith က အမေရိကန် အထက်လွှတ်တော်မှာ ပြောလာတာပါ။

Brad Smith အနေနဲ့ သူတို့ကုမ္ပဏီမှာ အသုံးပြုနေတဲ့ စက်တွေထဲက App Store တွေထဲမှာတောင် DeepSeek App ကို မထည့်ထားဘူးလို့ အာမခံပြီး ဆိုပါတယ်။ ဒါ့အပြင် ကုမ္ပဏီအတွင်း အသုံးပြုမှုကိုလည်း တားမြစ်ထားပါတယ်။

အကြောင်းပြချက်က DeepSeek ကနေ user တွေရဲ့ ဒေတာတွေကို တရုတ်မှာရှိတဲ့ server တွေမှာ သိမ်းဆည်းတယ်။ တရုတ်ဥပဒေအရဆိုရင် အဲဲဒီဒေတာတွေကို အစိုးရဘက်ကို ပြပေးဖို့ လိုအပ်တယ်။ အာ့တော့ user တွေရဲ့ အချက်အလက်ကို တရုတ်အစိုးရက အကုန်သိကုန်တယ်။ ဒါကြောင့် တားမြစ်ရခြင်းဖြစ်တယ်ပေါ့။

တစ်ခုရှိတာက Microsoft ကနေ အခုအချိန်မှ DeepSeek ကို မသုံးဘူး ဘာညာပြောလာပေမဲ့ DeepSeek ရဲ့ R1 AI မော်ဒယ်ကို လူကြိုက်များခဲ့တဲ့ ဒီနှစ်အစောပိုင်းကာလတုန်းကတော့ Microsoft က သူ့ရဲ့ Cloud ဝန်ဆောင်မှုဖြစ်တဲ့ Azure Cloud Service မှာ ထည့်ပေးထားခဲ့သေးပါတယ်။ Privacy ပိုင်းအတွက် တိုက်ရိုက်ကြီးတော့ မသုံးချင်ပေမဲ့ Developer တွေကို ရောင်းဖို့ဘာညာအတွက်တော့ သုံးမယ်ပေါ့ အာ့လိုလား မသိ...