နာမည်ကြီးအေးဂျင့် ဂျော့ချ်မန်ဒက်စ်ဟာ စပိန်ကြယ်ပွင့် ယာမားလ်ရဲ့စာချုပ်အခြေအနေနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းအကြီးအကဲတွေဖြစ်တဲ့ လာပေါ်တာ၊ဒေကိုတို့နဲ့ လစ္စဘွန်းမှာ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

ယာမားလ်နဲ့ ဘာစီလိုနာအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်နွေရာသီဆိုရင် ကုန်ဆုံးပြီဖြစ်ပြီး အခုအထိ စာချုပ်သစ်အတွက် သဘောတူညီမရရှိသေးတာကြောင့် ဘာစီလိုနာအသင်းပရိသတ်တွေကို စိုးရိမ်ပူပန်မှုဖြစ်စေတာပါ။

ဒါပေမယ့် မကြာသေးခင်က Mundo Deportivo သတင်းမှာ ယာမားလ်ရဲ့ဘာစီလိုနာအသင်းစာချုပ်သစ်ဟာ ၂၀၃၀ ခုနှစ်နွေရာသီအထိ သက်တမ်းရှိမယ်လို့ ဖော်ပြထားပါတယ်။ ယာမားလ်ဟာ အသက်(၁၇)နှစ်အရွယ်သာရှိသေးပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ဖော်ပြခြင်းခံရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာပါ။ ယာမားလ်ကို ခေါ်ယူဖို့ PSG အသင်းက စိတ်ဝင်စားနေတာကြောင့် ဘာစီလိုနာအသင်းဟာ သူ့ကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ဦးစားပေးအဖြစ်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ၊အားကစားဒါရိုက်တာ ဒေကိုတို့နဲ့တွေ့ဆုံခဲ့တဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်က "ကျွန်တော်တို့ဟာ ယာမားလ်နဲ့ စကားပြောဆိုခဲ့ပြီး အရာအားလုံးအဆင်ပြေပါတယ်။ သူဟာ စာချုပ်သက်တမ်းတိုးမှာပါ"လို့ COPE ကိုဆိုခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့လတွေမှာ လာမာစီယာအကယ်ဒမီထွက်တွေဖြစ်တဲ့ ဂါဗီ၊ကူဘာစီတို့ကို စာချုပ်သက်တမ်းတိုးပြီးနောက် ယာမားလ်ကိုလည်း မကြာခင်မှာ စာချုပ်သက်တမ်းတိုးကြောင်း ကြေညာဖွယ်ရှိနေပါတယ်။ ယာမားလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၃၅)ပွဲပါဝင်ကစားထားပြီး (၁၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၆)ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။