နာပိုလီတိုက်စစ်မှူး လူကာကူက သူဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းက ထွက်ခွာချင်ခဲ့တယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ရွှေရောင်မျိုးဆက်အစိတ်အပိုင်းထဲမှာ တစ်ဦးအနေနဲ့ ပါဝင်ခဲ့တဲ့ လူကာကူဟာ နိုင်ငံအသင်းနဲ့အတူ အခုချိန်ထိ အောင်မြင်မှုရယူနိုင်ခြင်းမရှိသေးတာပါ။

အသက်(၁၆)နှစ်အရွယ် ၂၀၁၀ ခုနှစ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် စတင်ပွဲဦးထွက်ခဲ့တဲ့ လူကာကူဟာ ပွဲပေါင်း(၁၂၀)ပါဝင်ကစားထားပြီး (၈၅)ဂိုးသွင်းယူကာ ပွဲအချို့မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းကို အရေးနိမ့်ပြီး Round of 16 ကနေ ထွက်ခွာခဲ့ရသလို Nations League A အုပ်စုအဆင့်မှာလည်း ရလဒ်တွေဆိုးရွားခဲ့တာပါ။

အဲ့ဒါကြောင့် ဘယ်လ်ဂျီယံအသင်းဟာ နည်းပြတီဒက်စ်ကို,ကို ရာထူးကထုတ်ပယ်ခဲ့ပြီး ရူဒီဂါစီယာကိုနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ လူကာကူဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပြီး နည်းပြဟောင်း တီဒက်စ်ကိုရဲ့ဝေဖန်မှုလည်းခံခဲ့ရတာပါ။



လူကာကူဟာ ယူကရိန်းအသင်းနဲ့ UEFA Nations League play-offs ပွဲမတိုင်ခင် မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ သူဟာ ယူရိုပြိုင်ပွဲပြီးနောက် နိုင်ငံအသင်းကနေ ရပ်တန့်ဖို့စဉ်းစားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီလိုမလုပ်နိုင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ယူကရိန်းအသင်းနဲ့ Relegation play-offs ပထမအကျော့ပွဲစဉ်မှာ (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး တိုက်စစ်မှူး လူကာကူက ဘယ်လ်ဂျီယံအသင်းအတွက်ဂိုးသွင်းယူခဲ့ပါတယ်။