ယူရိုပါလိဂ်မှာရှုံးပွဲမရှိတဲ့မန်ယူနိုက်တက်ကို အနိုင်ယူပြီး ဖလားလက်မဲ့ရာသီတွေကို အဆုံးသတ်နိုင်ခဲ့တဲ့စပါး
ယူရိုပါလိဂ်ဗိုလ်လုပွဲ
စပါး(၁-၀)မန်ယူနိုက်တက်
ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ (၁၄)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့ မန်ယူနိုက်တက်အသင်းက ဗိုလ်လုပွဲရောက်မှ ပရီးမီးယားလိဂ်ပြိုင်ဘက်စပါးအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ယူရိုပါလိဂ်အောင်မြင်မှုနဲ့ရော၊ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ ဝေးခဲ့ရပါတယ်။
မန်ယူနိုက်တက်အသင်းကို ဒီရာသီပရီးမီးယားလိဂ်တွေ့ဆုံမှုတွေမှာ (၃-၀)ဂိုး၊ (၁-၀)ဂိုး၊ လိဂ်ဖလားတွေ့ဆုံမှုမှာ (၄-၃)ဂိုးရလဒ်တွေနဲ့အနိုင်ယူခဲ့တဲ့စပါးအသင်းအနေနဲ့ (၄)ကြိမ်မြောက်တွေ့ဆုံမှုမှာလည်း Clean Sheet ရလဒ်နဲ့ထပ်မံအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ လိဂ်ဖလားဆွတ်ခူးပြီးကတည်းက ဘာဖလားမှမရတော့ဘဲ ဖလားလက်မဲ့ရာသီတွေကို (၁၇)နှစ်ကြာ ဖြတ်သန်းခဲ့ရတဲ့စပါးအသင်းအနေနဲ့ သူတို့အသင်းအပေါ်အုပ်မိုးနေတဲ့ ဖလားလက်မဲ့ကျိန်စာဆိုးကို ဒီရာသီမှာ တွန်းလှန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူနိုက်တက်အသင်းက ဟွိုက်လန်းကို အထောင်ထားပြီး အာမတ်၊ မေဆန်မောင့်တို့ရဲ့ဘယ်ညာတောင်ပံတိုက်စစ်တွေနဲ့ စပါးဂိုးဧရိယာထဲကို ထိုးဖောက်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပေမယ့် စပါးအသင်းက စနစ်တကျပိတ်ဆို့ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာ မန်ယူနိုက်တက်အသင်းဂိုးသွင်းခွင့်အခွင့်အရေးများစွာမရခဲ့ဘဲ ပွဲချိန်(၄၂)မိနစ်မှာ စပါးကိုတောင် ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။
ဒီဂိုးကို စပါးလူငယ်တိုက်စစ်မှူးဂျွန်ဆင်သွင်းယူခဲ့တယ်လို့ သတ်မှတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘယ်တောင်ပံက ကန်တင်လိုက်တဲ့ဘောလုံးကို ဂိုးသွင်းဖို့ ကြိုးစားတဲ့ဂျွန်ဆင်နဲ့ ဖျက်ထုတ်ဖို့ကြိုးစားတဲ့မန်ယူနောက်ခံလူလုခ်ရှောတို့ လုံးထွေးပြီး ဂျွန်ဆင်ရဲ့ကန်သွင်းယူမှုကတစ်ဆင့် ဘောလုံးက လုခ်ရှောရဲ့လက်မောင်းနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။
ဒုတိယပိုင်းတစ်ပိုင်းလုံးကတော့ မန်ယူနိုက်တက်အသင်းက တစ်ဖက်သတ်ဖိကစားပြီး စပါးအသင်းက တစ်သင်းလုံးပိတ်ဆို့ကာကွယ်ရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။
ပွဲချိန်(၆၈)မိနစ်မှာ မန်ယူနိုက်တက်တိုက်စစ်မှူးဟွိုက်လန်းခေါင်းတိုက်သွင်းယူတဲ့ဘောလုံးက ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲကို တန်းတန်းမတ်မတ်ဝင်ခဲ့ပေမယ့် စပါးနောက်ခံလူ ဗန်ဒယ်ဗန်က ဂိုးစည်းပေါ်ကနေ Acrobatic Kick နဲ့ ကန်ပြီးဖျက်ထုတ်ခဲ့လို့ မန်ယူနိုက်တက်အသင်းချေပဂိုးရနိုင်တဲ့အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။
စပါးတစ်သင်းလုံးက မန်ယူနိုက်တက်တိုက်စစ်ကို အကောင်းဆုံးဟန့်တားနိုင်ခဲ့သလို ကျွံထွက်လာတဲ့ဘောလုံးတွေကိုလည်း စပါးဂိုးသမား ဗီကာရီယိုက လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ ဘယ်တောင်ပံကနေ ဂါနာချို ထောင့်ဖြတ်ကန်သွင်းတဲ့ဘောလုံးကို ဗီကာရီယိုက လှလှပပ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို ပွဲပြီးခါနီးထပ်ဆောင်းအချိန်ပို (၉၀+၆)မိနစ်မှာ လုခ်ရှော ခေါင်းတိုက်တဲ့ဘောလုံးကိုလည်း ဗီကာရီယိုက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှု (၇၃%)ရှိတဲ့အထိ ဒုတိယပိုင်းမှာ တစ်သင်းလုံးဖိကစားခဲ့ပေမယ့် လိုအပ်တဲ့ဂိုးတစ်ဂိုးတောင်မရခဲ့ဘဲ ဒီရာသီယူရိုပါလိဂ်(၁၅)ပွဲမှာ ပထမဆုံးဂိုးပေါက်ပျောက်တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။
စပါးအသင်းက မန်ယူဂိုးပေါက်ကို ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်ခြင်းမရှိဘဲ ဂိုးကန်ချက်(၃)ကြိမ်၊ ဂိုးပေါက်တည့်ကန်ချက်(၁)ကြိမ်သာရှိခဲ့ပေမယ့် အသင်းသမိုင်းကိုပါ ပြောင်းလဲနိုင်တဲ့အထိ ဒီရှားရှားပါးပါးဂိုးပေါက်တည့်ကန်ချက်က အဖိုးတန်ခဲ့ပါတယ်။
မိမိကိုင်တွယ်တဲ့အသင်းတွေကို ဒုတိယရာသီမှာ ဖလားရယူပေးနိုင်တယ်လို့ အာမခံပြောဆိုခဲ့တဲ့ နည်းပြပိုစတီကိုဂလူးကတော့ သူ့ရဲ့စကားနဲ့ လျော်ညီတဲ့အောင်ပွဲကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီး စပါးအသင်းမှာ သူ့ရဲ့အနာဂတ်ဆက်ရှိမလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။
အရင်နည်းပြတန်ဟတ်လက်ထက်မှာ (၂)ရာသီဆက်တိုက်ဖလားတွေရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းကတော့ အာမိုရင်လက်ထက်မှာ ပရီးမီးယားလိဂ်ကျဆင်းမှုတွေနဲ့အတူ ဖလားလက်မဲ့ရာသီမှတ်တမ်းရေးထိုးခဲ့ရပါတယ်။